ချင်းပြည်နယ်အတွင်း ဝဥလွှာခြောက်စက်ရုံတည်ဆောက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၄/၂၀၂၅ ) သို့ ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

ဟားခါး နိုဝင်ဘာ ၁၂

ချင်းပြည်နယ်အတွင်း ဝဥလွှာခြောက်စက်ရုံတည်ဆောက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၄/၂၀၂၅)ကို ယနေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ခေတ္တပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ပြည်နယ်ဝန်ကြီးများ၊ ခေတ္တပြည်နယ်အုပ်ချုပ်ရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝဥတန်ဖိုးမြှင့်ထုတ်ကုန်လုပ်ငန်းဆောင်ရွက်မည့် အသင်းအမှုဆောင်များ တက်ရောက်ကြသည်။

ဦးစွာ ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေးက ချင်းပြည်နယ်အတွင်း ဝဥတောင်သူများကြုံတွေ့နေရသည့် အခက်အခဲများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ဝဥလွှာခြောက်စက်ရုံတည်ဆောက်ရန် နိုင်ငံတော်အကြီးအကဲက ဆောင်ရွက်ခွင့်ပြုပြီးဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်နယ်အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းမှုဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်ရုံတည်ဆောက်ရေး၊ စက်ပစ္စည်းများသယ်ယူပို့ဆောင်ရေးများအပြင် စက်ရုံတည်ဆောက်ပြီးစီးပါက ဝဥလွှာခြောက်စက်ရုံလည်ပတ်နိုင်ရေးအတွက် အစိုးရ၊ ပြည်သူနှင့် လုပ်ငန်းရှင်များပူးပေါင်းဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်လာကြသူများက လုပ်ငန်းအဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးကြစေလိုကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် ဝဥကုန်ချောထုတ်လုပ်ရောင်းချရေးလုပ်ငန်းအထောက်အကူပြုကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီး ဒေါက်တာလျန်ဇခုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဝဥလွှာခြောက်စက်ဝယ်ယူခြင်း၊ သယ်ဆောင်ခြင်းနှင့်စက်ရုံအတွက်လိုအပ်သည့် လျှပ်စစ်မီးနှင့် ဝဥကုန်ကြမ်းများရရှိနိုင်ရေးကိစ္စများကို လုပ်ငန်းတစ်ခုချင်းစီအလိုက် ဆောင်ရွက်နိုင်မည့်နည်းလမ်း များ ဆွေးနွေးပြောကြားကြကြောင်း သိရသည်။

ခရိုင် (ပြန် /ဆက်)