ယခုနှစ် ခုနှစ်လတာကာလအတွင်း ဧရာဝတီလင်းပိုင် (၇) ကောင် သေဆုံး

မန္တလေး ဩဂုတ် ၅

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ခုနှစ်လတာကာအတွင်း ဧရာဝတီလင်းပိုင် (၇) ကောင် သေဆုံးမှုရှိသွားပြီးဖြစ်ကြောင်း ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးတာဝန်ခံ ဦးကျော်လှသိန်းက ပြောကြားသည်။

"သေဆုံးခဲ့တဲ့ခုနှစ်ကောင်မှာ (၂) ကောင်ကတော့ အသက်ကြီးကောင်အနေနဲ့သေဆုံးသွားတာလို့ ယူဆရပါတယ်၊ တစ်ကောင်ကတော့ အရိုးစုပဲဆိုတော့ ဘာကြောင့်သေတာလဲဆိုတာ မသိပါဘူး၊ ကျန်တဲ့ (၄) ကောင်ကတော့ ရှော့ခ်တိုက်ငါးဖမ်းသူတွေကြောင့်လို့ ယူဆထားပါတယ်" ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) တို့ ပူးပေါင်း၍ မန္တလေးမှ ဗန်းမော်အထိ ၂၀၂၀ ပြည့်နှစ်အတွက် ဖေဖော်ဝါရီတွင် ဧရာဝတီလင်းပိုင် စစ်တမ်းကောက်ယူမှုအရ (၇၉) ကောင် တွေ့ရှိခဲ့ကြောင်း  သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) မှ သိရသည်။

"လင်းပိုင်စစ်တမ်းကောက်ယူမှုအရ ၂၀၁၈ ခုနှစ်တွင် ၇၆ ကောင်တွေ့ရှိခဲ့ပြီး (၆) ကောင် သေဆုံးခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ၇၂ ကောင်တွေ့ရှိခဲ့ပြီး (၃) ကောင် သေဆုံးခဲ့ကြောင်း၊ ယခုနှစ် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် ၇၉ ကောင် တွေ့ရှိခဲ့ကာ လက်ရှိအချိန်ထိ (၇) ကောင်သေဆုံးသောကြောင့် ထိန်းသိမ်းရေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်ရန် လိုအပ်လျက်ရှိကြောင်း" ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးတာဝန်ခံ ဦးကျော်လှသိန်း ပြောကြားသည်။

"ဧရာဝတီလင်းပိုင် ဘယ်နှစ်ကောင်ကျန်မလဲဆိုတာတော့ ပြောဖို့ခက်ပါတယ်၊ သေဆုံးခဲ့တဲ့လင်းပိုင်ခုနှစ်ကောင်မှာ တစ်လသားကောင်တစ်ကောင်ပါဝင်တဲ့အတွက် တိုးလာတဲ့ အကောင်လဲရှိမယ်လို့ယူဆရပါတယ်၊ ကျွန်တော်တို့စစ်တမ်းကောက်ယူထားတာက ဖေဖော်ဝါရီလမှာဆိုတော့ ပေါက်တဲ့အကောင်၊ သေတဲ့အကောင် အတိုး/အလျော့တွေနဲ့ဆိုတော့ အတိအကျပြောဖို့တော့ ခက်ပါတယ်၊ လျှော့တိုက်ငါးဖမ်းဆီးတာတွေ ပပျောက်ဖို့အတွက် စီမံချက်ချပြီး အကောင်အထည်ဖော်နေပါတယ်"ဟု ၎င်းက ပြောကြားသည်။

"ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို ၂၀၀၂ ခုနှစ်မှ စတင်ဆောင်ခဲ့ပြီး ဒီနေ့အထိသုတေသနပြုလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်၊ ၂၀၀၅ ခုနှစ်မှာ မန္တလေးမှ ကျောက်မြောင်းကြား (ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဧရိယာ ၁) ထူထောင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ထီးချိုင့်-ကသာ-ရွှေကူ (ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးဧရိယာ ၂) အဖြစ် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့တွေ၊ ဌာနဆိုင်ရာတွေနဲ့ပူးပေါင်းပြီး သတ်မှတ်နိုင်ခဲ့ပါတယ်၊ သတ်မှတ်ဧရိယာနှစ်ခုစလုံးမှာ သက်ဆိုင် ရာအဖွဲ့တွေပူးပေါင်းပြီး လစဉ်ပုံမှန် ကင်းလှည့်လုပ်ငန်းတွေ ဆောင်ရွက်ပါတယ်၊ တစ်လနှစ်ခါပါ၊ ဒါ့အပြင် တစ်နှစ်နှစ်ခေါက် လှည့်လည်ဆောင်ရွက်တဲ့ လုပ်ငန်းတွေလည်း ရှိပါတယ်၊ တစ်ခေါက်က လင်းပိုင်သုတေသပြုစစ်တမ်းကောက်ယူမှုနှင့် ကျန်တစ်ခေါက်က ငါးရစ်ငါးသန်ကာလ ငါးမဖမ်းဆီးရေးအတွက်ပါ"ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယခုနှစ် (၂၀၂၀ ပြည့်နှစ်) ဧရာဝတီလင်းပိုင်သုတေသနခရီးစဉ်တွင် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့၏ ငါးလုပ်ငန်းဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ငါးလုပ်ငန်းဦးစီးဌာန၏ ပတ်ဝန်းကျင်နှင့် မျိုးသုဉ်းရှားပါးရေသတ္တဝါများထိန်းသိမ်းရေးဌာနစုမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရေကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) တို့မှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)

ဓါတ်ပုံ  - WCS