ပူတာအို နိုဝင်ဘာ ၉
မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်း မိုးစပါးရိတ်သိမ်းအပြီး ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ပူတာအိုမြို့သို့ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၉ ရက် နံနက် ၈ နာရီက မချမ်းဘောမြို့နယ် ကောင်းမှုလုံကျေးရွာအတွင်း မလိခမြစ်ကမ်းဘေး၌ တည်ထားကိုးကွယ်သော ရှေးဟောင်းသမိုင်းဝင် ကောင်းမှုလုံစေတီတော်သို့ သွားရောက်ခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ကောင်းမှုလုံစေတီတော်သို့ရောက်ရှိပြီး စေတီတော်ကြီးအားဖူးမြော်ကြည်ညိုခဲ့ကြကာ ပန်း၊ ရေချမ်း၊ ဆီမီးတို့ကို ကပ်လှူပူဇော်ခဲ့ကြသည်။
ထို့နောက် စေတီတော်ကြီး မြစ်ကမ်းပါးမှတစ်ဆင့် မလိခမြစ်အတွင်း ရိုးရာအစဉ်အလာများ ဆောင်ရွက်ခဲ့ကြပြီး စေတီတော်ဘက်စုံပြုပြင်မွမ်းမံနိုင်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် စေတီတော်ကြီးအား လက်ယာရစ်ပတ်ဖူးမျှော်ကြည်ညိုခဲ့ကြပြီး စေတီတော် ဂေါပကတစ်ဦးအတွက် အလှူငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဇီးအွန်ကျေးရွာသို့ သွားရောက်ပြီး ကျေးရွာနေတောင်သူများ၏ လယ်ယာများသို့သွားရာ ကုန်ထုတ်လမ်းပေါ်ရှိ မူလာချောင်းကူးတံတားသစ်တည်ဆောက်ပေးနိုင်ရေးအတွက် မြေပြင်အခြေအနေအားကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ချောင်းရိုးတစ်လျှောက်ဆောင်ရွက်ပြီးစီးထားသည့် ရေတားတာပေါင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် ချောင်းတစ်ဖက်ကမ်းရှိ တောင်သူများ၏ စိုက်ပျိုးရေးလုပ်ကိုင်ရာလယ်မြေများ ရှိရာသို့ ဆက်လက်သွားရောက်ခဲ့ကြပြီး လယ်မြေစုစုပေါင်း (၄၀၇)ဧကအတွင်း အထွက်တိုးမျိုးစပါး ဆင်းဧကရီ-၃ စိုက်ပျိုးရင့်မှည့်၍ ရိတ်သိမ်းဆောင်ရွက်လျက်ရှိနေသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မိုးစပါး စိုက်ပျိုးထွက်ရှိမှု အခြေအနေများနှင့် လယ်သီးထပ် စိုက်ပျိုးနိုင်မှုအခြေအနေများနှင့် စပ်လျဉ်း၍ ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးမေးမြန်းဆွေးနွေးခဲ့ကာ မိုးစပါးတစ်ဧက ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ပိုမိုတိုးမြှင့်စိုက်ပျိုးနိုင်ရေးအတွက် လာမည့်နှစ်များတွင် အထွက်တိုးမျိုးကောင်းမျိုးသန့်စပါးမျိုးစေ့များ ဖြန့်ဝေပေးနိုင်ရေးနှင့် ဆောင်းသီးထပ် လယ်သီးနှံအဖြစ်ဒေသနှင့်ကိုက်ညီပြီး စိုက်ပျိုးဖြစ်ထွန်းသည့် ဆီမုန်ညှင်းအား လယ် ၄၀၇ ဧကလုံးတွင် စိုက်ပျိုးနိုင်ရေးအတွက် ခြံစည်းရိုးကာရံပေးနိုင်ရေးညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ သည်။
ဆက်လက်၍ ဒေသခံတောင်သူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ ကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်ကျေးရွာအတွက် ကိုယ်ထူကိုယ်ထမူလတန်းကြို ကျောင်းဖြစ်မြောက်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးတို့က မတည်ထောက်ပံ့ငွေကျပ်သိန်း ၅၀ နှင့် ဆီမုန်ညှင်းစိုက်ပျိုးနိုင်ရေးအတွက် ခြံစည်းရိုးကာရံပေးနိုင်ရေး ထောက်ပံ့ငွေကျပ်သိန်း ၁၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက် အတွင်းရှိ ခါကာဘိုဂေါက်ကလပ်၌ ဆောင်းရာသီအကြို ဂေါက်သီးရိုက်ပြိုင်ပွဲသို့တက်ရောက်ခဲ့ကြပြီး ပြိုင်ပွဲအတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက Smoke Ball ဘောကို ရိုက်၍ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်