လှည်းကူးမြို့နယ်၊ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲတောင်သူများသို့ နေကြာမျိုးစေ့များ၊ Drum Seeder များ ဖြန့်ဖြူးပေးအပ်ခြင်းနှင့် သစ်စိမ်းမြေဩဇာကြဲပက်စိုက်ပျိုးပွဲ အခမ်းအနား ကျင်းပ

ရန်ကုန် နိုဝင်ဘာ ၉

၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ တောင်သူများသို့ နေကြာမျိုးစေ့များ၊ Drum Seeder များ ဖြန့်ဖြူးပေးအပ်ခြင်းနှင့် သစ်စိမ်းမြေဩဇာကြဲပက်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ သနပ်ပြင်ကျေးရွာ၊ တောင်သူ ဦးအောင်တင်သန်း၏ လယ်မြေတွင် ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တောင်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က Drum Seeder ဖြင့် စပါးစိုက်ပျိုးရေး နည်းစနစ်များကို ၂၀၂၃ ခုနှစ် နွေစပါးရာသီမှစ၍ ဆောင်ရွက်ခဲ့ ကြောင်း၊ Drum Seeder ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခြင်းအားဖြင့် တောင်သူကြီးများအတွက် ပျိုးနုတ်စိုက်ပျိုးခြင်း လုပ်အားခကုန်ကျ စရိတ်ကို သက်သာစေခြင်း၊ အချိန်ကုန်သာစေခြင်းနှင့် သီးနှံများ ညီညာစွာပေါက်ရောက်စေခြင်းတို့ကြောင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်အောင် ထိထိရောက်ရောက်ဆောင်ရွက်နိုင်ပါကြောင်းနှင့် နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍအောင်မြင်ရေးအတွက် ရေရရှိရေးသည်အဓိကအကျဆုံး အခြေခံအုတ်မြစ်ပါကြောင်းစသည်တို့ကို ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က အမှာစကားပြောကြား သည်။

ယင်းနောက် လှည်းကူးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်က လှည်းကူးခရိုင်အတွင်း စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ခေတ္တတိုင်းဒေသကြီးဦးစီးမှူး ဦးတင့်နိုင်က မိုးစပါးစိုက်ပျိုးမှုအခြေအနေများကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးတင်မောင်ကြည်က တိုင်းဒေသကြီးအတွင်း Drum Seeder များ ဖြန့်ဝေအသုံးပြုမှုအခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက တောင်သူများအား Drum Seeder များနှင့် နေကြာမျိုးစေ့များကိုပေးအပ်ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက Drum Seeder များအကြောင်းကို တက်ရောက်လာသူများအား ရှင်းလင်းပြသခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က မိုးစပါးစံကွက်အား ရိတ်သိမ်းချွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှု၊ သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်ကြဲပက် စိုက်ပျိုးနေမှုများနှင့်ပြသထားသည့် Drum Seeder များ၊ စိုက်ပျိုးရေး လုပ်ငန်းသုံး အနိမ့်တင်ဆိုလာ(၂)ချပ်တွဲ ရေတင်စက်များနှင့်ကောက်စိုက်စက်များ၊ စပါးမျိုးစေ့နမူနာများ၊ ဓာတ်မြေဩဇာများ၊ ဝတ်မှုန်ကူးမည့်ပျားသတ္တာခွံများနှင့် စိုက်ပျိုးရေးသုံး ပစ္စည်းများစသည်ကို လှည့်လည်ကြည့်ရှုအားပေးသည်။  

ယနေ့ မိုးစပါးစံကွက်ရိတ်သိမ်းပွဲတွင် တောင်သူ ဦးအောင်တင်သန်း၏လယ်ကို စိစစ်ရိတ်သိမ်းရာ (၁)ဧကလျှင် စပါးတင်း အခြောက်ထွက်နှုန်း (၁၁၂)တင်း ထွက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)