တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ထားဝယ်ရိုးရာယဉ်ကျေးမှုအက၊ အခြေခံကကွက်နှင့်အကဟန်များ သင်တန်းဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

ထားဝယ် နိုဝင်ဘာ ၈

ထားဝယ်ရိုးရာယဉ်ကျေးမှုအက၊ အခြေခံကကွက်နှင့်အကဟန်များသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲက တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၊ ပညာဗိမာန်ခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ထားဝယ်ရိုးရာယဉ်ကျေးမှုနှင့် ပတ်သက်၍ စာပေ၊ ယဉ်ကျေးမှုသည် အရေးကြီးကြောင်း၊ လူမျိုးတစ်မျိုးတွင်စာပေ၊ ယဉ်ကျေးမှုပျောက်ကွယ် သွားပါကလူမျိုးပါ ပျောက်ကွယ်သွားနိုင်သောကြောင့် စာပေနှင့်ယဉ်ကျေးမှုသည် အလွန်အရေးကြီးကြောင်း၊ အခြေခံကကွက်နှင့်ကဟန်များသည် ထားဝယ်လူမျိုးနှင့်ယဉ်ကျေးမှု သမိုင်း အစဉ်အလာအတွက်အရေးကြီးကြောင်း၊ နိုင်ငံတော်အဆင့်အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအခမ်း အနားတွင် ရှေးထားဝယ်ရိုးရာ ယမ်းအကကို ဝင်ရောက်ယှဉ်ပြိုင်သောကြောင့် တနင်္သာရီတိုင်းဒေသကြီး အနေဖြင့် ဂုဏ်ယူစရာကောင်းကြောင်း၊ လူမျိုးတစ်မျိုးတွင် ယဉ်ကျေးမှုသည် အရေးကြီးကြောင်း၊ ယဉ်ကျေးမှုနှင့်ပတ်သက်၍ ရှေးအစဉ်အဆက်ကရှိသော ကနည်းကဟန်ကကွက်များစသည့် အစဉ်အလာရှိသော ယဉ်ကျေးမှုများကို ဖော်ထုတ်ကြရန်လိုအပ်ပြီး မပျောက်ပျက်အောင်၊  ရေရှည်တည်တံ့ ခိုင်မြဲအောင်ထိန်းသိမ်းထားရှိရန်နှင့် မှတ်တမ်းမှတ်ရာများကိုလည်း ထိန်းသိမ်းထားရန် လိုအပ်ကြောင်း၊ ပညာရှင်များအနေဖြင့် ထားဝယ်ရိုးရာယဉ်ကျေးမှု၊ သပိတ်မျှောပွဲ၊ ယမ်းအက၊ ထားဝယ် စကားအခေါ်အဝေါ်စသည့်အပါအဝင် စုပေါင်း၍ဖြစ်စေ ပျောက်ကွယ်မသွားအောင် ဝိုင်းဝန်းထိန်းသိမ်း ထားရှိပေးကြရန်လိုအပ်ကြောင်း၊  ဘိုးဘေးအစဉ်အလာ လက်ဆင့်ကမ်းထိန်းသိမ်းသည့် ထားဝယ်ရိုးရာ ယဉ်ကျေးမှုအက ကကွက်နှင့်အကဟန်များ မပျောက်ပျက်စေရေးအတွက် ယခုလိုသင်တန်းများ ဖွင့်လှစ်ကာ စနစ်တကျလေ့ကျင့်ရင်းထားဝယ်ယဉ်ကျေးမှု အနုပညာကဏ္ဍကို ဆက်လက်ထိန်းသိမ်း ပေးကြရန် လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် ထားဝယ်စာပေနှင့်ယဉ်ကျေးမှုဗဟိုကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်က အခြေခံအကကွက်နှင့်အကဟန်များကို ဆက်လက်ထိန်းသိမ်းနိုင်ရန်၊ ယဉ်ကျေးမှုနှင့်ပတ်သက်၍ သဘောတရားရေးရာများ ပိုမိုသိရှိပြီး ခံယူတတ်စေရန်၊ အနုသုခုမယဉ်ကျေးမှုကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

သင်တန်းတွင် ပညာရှင်များက သင်တန်းသား/သူ(၅၀)ဦးအား ကျောင်းပိတ်ရက်(၂၀)ရက်အတွင်း လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)