တောင်ကြီးတန်ဆောင်တိုင်ပွဲတော် စိန်နားပန်မီးပုံးပျံနှင့်ညမီးကြီးမီးပုံးပျံများဆက်လက် လွှတ်တင်ယှဉ်ပြိုင်

တောင်ကြီး     နိုဝင်ဘာ   ၇

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် စိန်နားပန်မီးပုံးပျံများနှင့် ညမီးကြီးမီးပုံးပျံများလွှတ်တင် ယှဥ်ပြိုင်ပွဲကို ယမန်နေ့ညက အဝေရာကုန်းသာယာ မီးပုံးပျံကွင်း၌ ဆက်လက်ကျင်းပခဲ့ကြောင်းသိရသည်။

ထိုသို့ကျင်းပရာတွင် အောက်တိုဘာ၂၉ ရက်မှ နိုဝင်ဘာ(၅)ရက်တာ ကာလအတွင်း တောင်ကြီးမြို့၏ ရာသီဥတုအခြေအနေအရ လွှတ်တင်ယှဉ်ပြိုင်ခြင်း မပြုနိုင်ခဲ့သော စိန်နားပန်မီးပုံးပျံအလှများနှင့် ညမီးကြီးမီးပုံးပျံများ လွှတ်တင်ရာတွင် ရေအေးကွင်း ရပ်ကွက် ကိုယ်စားပြု မိူင်းတိုင်း(MongTai)ညမီးကြီး ၊ ကမ္ဘောဇဘဏ် ကိုယ်စားပြု ညမီးကြီးများ၊ ရှမ်းယူနိုက်တက်ကိုယ်စားပြု ညမီးကြီး၊ NYRDDC အဖွဲ့ ကိုယ်စားပြု “အားသစ်မီး”၊ မြို့ပေါ် ၂၂ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ ကိုယ်စားပြု”ပုံရိပ်မီး”နှင့် “Jasmine Hotel” ညမီးကြီးစသည့် ညမီးကြီးများ စုစုပေါင်း(၈)လုံးနှင့် စိန်နားပန်အလှမီးများ စုစုပေါင်း (၁၀)လုံးတို့ကို အောင်မြင် စွာဖြင့် တပျော်တပါးယှဉ်ပြိုင် လွှတ်တင်နိုင်ခဲ့ကြပါသည်။

ကျန်ရှိနေသည့် စိန်နားပန်နှင့် ညမီးကြီးမီးပုံးပျံများကို နိုဝင်ဘာ၇ရက် နေ့ည၌ဆက်လက် လွှတ်တင်ယှဉ်ပြိုင်သွားကြမည်ဖြစ်ပြီး ဆုချီးမြှင့်ခြင်း နှင့် ကွင်းပိတ်ပွဲအခမ်းအနားအား နိုဝင်ဘာ၈ရက်နေ့ည၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)