နေပြည်တော် နိုဝင်ဘာ ၅
နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်မည့် (၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ၊ နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများတက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် တာဝန်ထမ်းဆောင်နေကြသည့် အရာထမ်း၊ အမှုထမ်းများအနေဖြင့် မိမိဌာနအဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ပျက်စီးစေနိုင်ပြီး စည်းလုံးညီညွတ်မှုကိုပြိုကွဲစေနိုင်သည့် ပြုမူ၊ ပြောဆို၊ နေထိုင်၊ လုပ်ကိုင်မှုများကို ရှောင်ကြဉ်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အစဉ်အလာကောင်းတွေကို ဆက်လက်ထိန်းသိမ်းရင်း နိုင်ငံတော်နဲ့ပြည်သူတွေက အားထားရသည့် အုပ်ချုပ်ရေးဌာနကြီးတစ်ခုအဖြစ် အခိုင်အမာ ဆက်လက်ရပ်တည်သွားနိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ အရာထမ်း၊ အမှုထမ်းများအနေဖြင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၄)ရပ်တို့အား “ မူဝါဒ “အဖြစ်ခံယူပြီး ကျရာအခန်းကဏ္ဍကနေ အကောင်အထည်ဖော် ဆောင်ရွက်သွားရန်နှင့် စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် ကုန်ထုတ်လုပ်မှုတွေမှာလည်း ပြည်သူများကို တတ်နိုင်သည့်ဘက်မှစိတ်ရင်း စေတနာအမှန်နဲ့ ကူညီဆောင်ရွက်ပေးသွားကြစေလို့ကြောင်း၊ ထို့အပြင် ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်ရာတွင်လည်း ကိုယ်ချင်းစာတရားနဲ့ ရိုင်းပင်းကူညီဆောင်ရွက်သွားကြရန်နှင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံးလိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကျရာအခန်းကဏ္ဍကနေ အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နိုင်ငံဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)၌ ဖွင့်လှစ်သည့် အရာထမ်းငယ်အခြေခံသင်တန်းတွင် စံပြဆုရရှိခဲ့သည့် ဝန်ထမ်းအားဂုဏ်ပြုဆု၊ ဝန်ထမ်းများအတွက်ဝတ်စုံများနှင့် ဂုဏ်ပြုဆုငွေများကို အသီးသီးပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။
ယင်းနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ သမိုင်းကြောင်းမှတ်တမ်းဗီဒီယိုအားပြသခဲ့ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များအား နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအုပ်ချုပ်ရေးမှူး ဦးတိုးဝင်းက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ လမ်းပိုင်းများ နိုင်လွန်ကတ္တရာလမ်း (AC) ခင်းကျင်းနေမှုနှင့် လမ်းဘေးဝဲယာတစ်လျှောက် သန့်ရှင်းသာယာလှပစေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်နေမှုကိုလည်းကောင်း၊ လယ်ဝေးမြို့နယ်အတွင်း ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လမ်းပိုင်းများပြန်လည်ပြုပြင်နေမှု၊ နိုင်လွန်ကတ္တရာလမ်း(AC) ခင်းကျင်းနေမှုနှင့် လမ်းလယ်ကျွန်းများ ပြန်လည်ပြုပြင်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လုပ်ငန်းများအပိုင်းလိုက် အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ လူအင်အား၊ စက်ယန္တရားအင်အား တိုးမြှင့်ဆောင်ရွက်ရေး၊ လုပ်ငန်းအဆင့်ဆင့်ကို သတ်မှတ်အချိန်အတွင်း ပြီးစီးစေရန်နှင့် အရည်အသွေးစံချိန်၊ စံညွှန်းများကိုက်ညီမှုရှိစေရန် စစ်ဆေးဆောင်ရွက်ရေး၊ ရေရှည်တည်တံ့မှုရှိစေရန် ပြုပြင်ထိန်းသိမ်းရေး၊ အရည်အသွေးပြည့်မီသည့်ပစ္စည်းများကိုသာ လုပ်ငန်းခွင်တွင်အသုံးပြုရေး၊ ငလျင်ဒဏ်အပြင် သဘာဝဘေးအန္တရာယ်များ ခံနိုင်ရည်ရှိအောင် သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။
ထို့အပြင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာလ ၄ ရက်နေ့က လယ်ဝေးမြို့နယ် သစ်တောကျေးရွာသို့ ရောက်ရှိပြီး သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူများနှင့်တွေ့ဆုံသည်။
တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက သဘာဝမြေဩဇာကို တောင်သူများကိုယ်တိုင် ပြုလုပ်သုံးစွဲရေး၊ သဘာဝမြေဩဇာပြုလုပ်နည်းကို တောင်သူများအားလုံး ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် အသိပညာပေးရေး၊ နိုင်ငံတော်မှ သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးပေးသော ဓာတ်မြေဩဇာများကို အမှန်တကယ်လိုအပ်သော တောင်သူများ လက်ဝယ်သို့ရောက်ရှိရေး၊ တစ်နှစ်သုံးသီး ရာသီပြည့်စိုက်ပျိုးနိုင်ရေး၊ မျိုး၊ မြေ၊ ရေနည်းစိုက်နည်းစနစ် မှန်ကန်စေရေး၊ ကြဲပတ်စနစ်ပပျောက်အောင် မျိုးစေ့ချကိရိယာ ကောက်စိုက်စက်များဖြင့် စိုက်ပျိုးနိုင်ရေး၊ ဆောင်းသီးနှံများ စိုက်ပျိုးရာတွင်လည်း မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကိုမှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက သဘာဝမြေဩဇာကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက နေကြာမျိုးစေ့၊ သဘာဝမြေဩဇာများနှင့် အောင်နိုင်တိုးမျိုးစပါးများကိုလည်းကောင်း တောင်သူများထံပေးအပ်ခဲ့ပြီး တောင်သူများ၏ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ကို(ပုဗ္ဗသီရိ)