ဗီယက်နမ်နိုင်ငံ၌ သွန်းလောင်းထုလုပ်ပူဇော်သော ကြေးသွန်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဦးခေါင်းတော်တပ်ဆင်ခြင်းအခမ်းအနားကျင်းပ

ဒဂုံဆိပ်ကမ်း နိုဝင်ဘာ ၅

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အမှတ်(၉၀)ရပ်ကွက် ရမ္မာဝတီလမ်းရှိ မဟာပုညဝိဟာရ(ဗီယက်နမ်)ကျောင်းတိုက်တွင် ဗီယက်နမ်-မြန်မာ ချစ်ကြည်ရေး သာသနာပြုလုပ်ငန်းစဥ်အရ ဗီယက်နမ်နိုင်ငံတွင် သွန်းလောင်းထုလုပ်ပူဇော်အပ်သော ဉာဏ်တော်အမြင့် ၁၉ ပေရှိ ထိုင်တော်မူကြေးသွန်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ အစိတ်အပိုင်းများအား တပ်ဆက်ပူဇော်ခဲ့ရာ ယနေ့နံနက်ပိုင်းက ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဦးခေါင်းတော်တပ်ဆင်ရန်အတွက် အန္တရာယ်ကင်းပရိတ်တရားတော်များ နာကြားသည်။

ဦးစွာ ဆရာတော်သံဃာတော်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ မြန်မာနိုင်ငံရောက် ဗီယက်နမ်နိုင်ငံသားများက နမောတဿ သုံးကြိမ်ရှိခိုး ဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ပိဋကသုံးနိကာယ်စာသင်တိုက်ကြီး၏ ဦးစီးပဓာန၊ ရွှေရတုတိပိဋကဓရ၊ တိပိဋကကောဝိဒ၊ တိပိဋကပါဠိပါရဂူ၊ ဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ၊ မော်ကျွန်းဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော်သံဃာတော်များမှ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ခဲ့ကြောင်းသိရသည်။ ဆက်လက်၍ ပွင့်လင်းဆရာတော် ဘဒ္ဒန္တ ပညိန္ဒမှ ထိုင်တော်မူကြေးသွန်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ သမိုင်းကြောင်းအား အကျဉ်းချုပ်နှင့် ဘုရားကြီးအား ပင့်ဆောင်ပူဇော်ခဲ့သော မဟာပုညဝိဟာရ(ဗီယက်နမ်​)ကျောင်းတိုက် ဆရာတော် သဒ္ဒမ္မဇောတိကဓဇ ဘန္ဒန္တဝိမလ ဗီယက်နမ်ဆရာတော်၏ စိတ်အားထက်သန်မှုတို့အား ရှင်းလင်းပြောကြား၍ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု  သုံးကြိမ်ရွတ်ဘုရားကန်တော့ကာ အခမ်းအနားအားရုပ်သိမ်းခဲ့သည်။

အခမ်းအနားသို့ ဗီယက်နမ်နိုင်ငံစစ်သံမှူး Mr.Dao Van Duy ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ နည်းပညာအကြံပေးဦးဌေးလင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရောက် ဗီယက်နမ်နိုင်ငံသားများတက်ရောက်ခဲ့ ကြောင်း သိရသည်။

ဖြိုးစန္ဒာ(ပြန်/ဆက်)