မိုင်းယုမြို့၌ သမိုင်းဝင် ရွှေဂဏန်း(ခ)ထပ်ပူခမ်းစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပ

မိုင်းယု နိုဝင်ဘာ ၅

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၏ သမိုင်းဝင် အထင်ကရဖြစ်သည့် ရွှေဂဏန်း(ခ)ထပ်ပူခမ်းစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို  နိုဝင်ဘာ ၃ ရက်နေ့မှ ၅ ရက်နေ့ထိ သုံးရက်တိုင်တိုင် ဝမ်တာကြန့်ကျေးရွာအုပ်စု၊ ဝမ်တာကြန့်ကျေးရွာအနီးရှိ ဟိုခိုဘုန်းကြီးကျောင်း၌ ကျင်းပြုလုပ်ခဲ့ကြသည်။

အဆိုပါ ဘုရားပွဲတော်သို့ အလှူရှင်ဥပါသကာများက စေတီတော်ကြီးနှင့် ဆရာတော်သံဃာတော်များထံ လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခြင်း၊ တရားတော်များ နာယူကြခြင်း၊ လှူဒါန်းမှု အစုစုတို့အတွက် စုပေါင်းရေစက်သွန်းချ အမျှပေးခြင်း၊ သက်ကြီးဘိုးဘွားများ ဥပုဒ်သီလစောင့်တည်ကြခြင်းနှင့် အနယ်နယ်အရပ်ရပ်မှ စေတနာရှင်ဘုရားဖူးပြည်သူများက စေတီတော်ကြီးအား ဖူးမြော်ကြည်ညိုခြင်းနှင့်အတူ ပွဲဈေးလည်ပတ်သူများဖြင့်   စည်ကားလျက်ရှိကြသည်။

ယင်း ရွှေဂဏန်း(ခ)ထပ်ပူခမ်းစေတီတော်မြတ်ကြီးသည် လွန်ခဲ့သောနှစ်ပေါင်း (၁၀၀၀) ကျော်ခန့်က တည်ထားကိုးကွယ်ခဲ့သည့် မိုင်းယုမြို့၏သမိုင်းဝင် ဘုရားတစ်ဆူဖြစ်ပြီး ထိုမှတဖန် မူလစေတီအား မပျက်စီးစေပဲ ငုံလျက် အသစ်မွမ်းမံတည်ဆောက်ခဲ့ရာ သက္ကရာဇ် ၁၃၈၀ ခုနှစ်၊ တပို့တွဲလဆန်း(၁၃)ရက်နေ့၌ စေတီတော်ကြီးအား အသစ်မွန်းမံတည်ဆောက်ပြီးစီး၍ ရေစက်ချအမျှဝေခဲ့ကြကြောင်းနှင့် ယင်း စေတီတော်မြတ်ကြီး၏ ယခုလက်ရှိ ဉာဏ်တော်အမြင့်မှာ ၅၃ပေဖြစ်ပြီး ခြေတော်အချင်းမှာ (၁၁)ပေ ဖြစ်ကြောင်း စေတီကြီး၏ ကျောက်စာမှတ်တမ်းများအရ သိရသည်။

ကိုကိုနိုင်