တန်ဆောင်မုန်းလပြည့်နေ့တွင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ ဘုရားများတွင် ဆီမီးပူဇော်

ညောင်ဦး နိုဝင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ ရှေးဟောင်းစေတီပုထိုးများအား   တန်ဆောင်မုန်းလပြည့်နေ့ ည  ၇ နာရီအချိန်မှ စတင်ကာ ရွှေစည်းခုံ ဘုရားကြီးနှင့်သမိုင်းအထင်ကရ ဘုရားများတွင် ဆီမီးပူဇော်ခဲ့ကြကြောင်းသိရသည်။

ထိုသို့ ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ ရှေးဟောင်းစေတီ၊ ပုထိုးများကို  ဆီမီးပူဇော်ခဲ့ကြပြီး ဘုရားနီ၊ အင်ကြင်းဂူ၊ အလိုတော်ပြည့်၊ စိုးမင်းကြီးအုတ်ကျောင်း ပတ်ဝန်းကျင်ဘုရားများ၊ အပ္ပာယ်ရတနာပတ်ဝန်းကျင်ရှိ ဘုရားများ၊ ရွှေဆံတော်ပတ်ဝန်းကျင်ရှိဘုရားများ၊ အနော်ရထာ လမ်းမကြီးဘေးဘက်ဝဲ/ယာ ဘုရားများကို ထိခိုက်မှုမရှိစေဘဲ ဒေသခံများက ဆီမီးများပူဇော်ခဲ့ကြခြင်းဖြစ်သည်။ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း ဂေါပကအဖွဲ့ရှိသော ဘုရား ၁၈ ဆူဖြစ်သည့် ရွှေစည်းခုံဘုရား၊ အလိုတော်ပြည့်၊ အာနန္ဒာ၊ သဗ္ဗညု၊ ဗူးဘုရား၊ ကန်တော့ပလ္လင်၊ မဟာဗောဓိ၊ ထီးလိုမင်းလို၊ လောနန္ဒာ၊ ရွှေဆံတော်၊ ဓမ္မရာဇက၊ မနုဟာ၊ မြစေတီ၊ တုရင်တောင်၊ ငှက်ပစ် တောင်၊ ဓမ္မရံကြီး၊ စူဠာမဏိ၊  ပြဿကြီးဘုရားများတွင်လည်း ဆီမီးပူဇော်ကြကြောင်း သိရသည်။

တန်ဆောင်မုန်းလပြည့်နေ့ ညနေပိုင်းအချိန်မှစတင်ကာ မိတ်ဆွေအပေါင်းအသင်းများ၊ မိသားစုများ၊ ဒေသခံများ၊ မြန်မာပြည်အရပ်ရပ်မှဘုရားဖူးများ ပုဂံရှေးဟောင်းယဉ် ကျေးမှုနယ်မြေအတွင်းတန်ဆောင်မုန်းလပြည့်နေ့ အစဉ်အလာမပျက် ဆီမီးပူဇော်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ဒီပါလင်း