မိုင်းယောင်းမြို့၌ စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းကျင်းပ

မိုင်းယောင်း နိုဝင်ဘာ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူး၍ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် တပ်နယ်/တပ်ရင်းမိသားစုများ၊ အလှူရှင်များ၏ စတုတ္ထအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီက ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်း၌ ကျင်းပသည်။

ဦးစွာ သံဃာတော်အရှင်သူမြတ်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝေမောင်နှင့် အဖွဲ့ဝင်များ၊ မိုင်းယောင်းတပ်နယ် တပ်နယ်မှူးနှင့် တပ်ရင်းတပ်ဖွဲ့ မိသားစုများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသက်ဆွေနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး မိုင်းယုကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

ဆက်လက်၍ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက မေတ္တသုတ် အစရှိသော ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူပြီး စုပေါင်းမဟာဘုံကထိန်သင်္ကန်း၊ ပဒေသာပင်များ၊ နဝကမ္မနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် မိုင်းဟန်ကျောင်းဆရာတော်ထံမှ ကထိန်အနုမောဓနာတရားနာကြား၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း