မိုင်းကိုင် နိုဝင်ဘာ ၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၏ (၃၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းက ရွှေမြင်ထင်မွေတော် (မြောက်)ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ဧည့်ပရိသတ်များက မွေတော်မြောက်ကျောင်း၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တရေဝတထံမှ ငါးပါးသီလခံယူဆောက်တည်၍ သံဃာတော်၊ အရှင်သူမြတ်တို့ထံ ပရိတ်တရားတော်များ နာယူခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်တင်ဦးနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ နယ်မြေခံ တပ်မှတာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်ဝန်ထမ်းများ၊ အလှူရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ မြို့မိ မြို့ဖများက ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့အား ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး မွေတော်မြောက်ကျောင်း၏ ဦးစီးပဓာန နာယကဆရာတော်ထံ အနုမောဒနာတရား နာယူပူဇော်၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
အဆိုပါ စုပေါင်းမဟာဘုံကထိန်သည် နှစ်စဉ် အစဉ်အလာမပြတ် ဆောင်ရွက်ခဲ့ကြပြီး ဘုံကထိန်တွင် ကထိန်သင်္ကန်း ၁၉ စုံ၊ ပဒေသာပင် ၁၉ ပင်၊ ဆွမ်းကွမ်းနှင့် ဝတ္ထုငွေ စုစုပေါင်း ၂၃၃၈၃၅၀၀ ကျပ်အား ဆက်ကပ်လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။
ချော(မိုင်းကိုင်)