တောင်ကြီး နိုဝင်ဘာ ၃
ရှမ်းပြည်နယ်၏ အထင်ကရပွဲတော်ဖြစ်သည့် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်နေ့လွှတ်အရုပ်များ လွှတ်တင်ယှဉ်ပြိုင်ခြင်း(ဆဌမနေ့) အဖြစ် နိုဝင်ဘာ၂ ရက်နေ့က အဝေရာ ကုန်းသာယာကွင်း၌ ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
ယင်းနေ့ နေ့လယ်ပိုင်းနေ့လွှတ် အရုပ်ပြိုင်ပွဲတွင် တောင်ကြီးမြို့ပေါ် ရပ်ကွက်များ၊ မြို့နယ်အတွင်းရှိ ရိုးရာမီးပုံးပျံပြိုင်ပွဲဝင် အသင်းများ၊ ကုမ္ပဏီများ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ၏ ခြေနှစ်ချောင်း၊ခြေလေးချောင်း အမျိုးအစား နေ့လွှတ်အရုပ်မျိုးစုံတို့ဖြင့် တစ်ကောင်ခြင်း၊ အုပ်စုအလိုက် မီးပုံးပျံအလုံးရေ စုစုပေါင်း(၄၄)လုံးအား တပျော်တပါး ယှဉ်ပြိုင်လွှတ်တင်ခဲ့ကြသည်။
ထိုသို့ လွှတ်တင်ပြိုင်ပွဲဝင်ခဲ့ကြသည်များမှ တောင်ကြီးမြို့ အားကစားနှင့်ကာယပညာ သိပ္ပံကျောင်းအသင်းက ဒိုင်နိုဆောရုပ်(၅)လုံး၊ ဟင်္သာ(၃)လုံး၊ သင်းကွဲငှက်ရုပ်(၃)လုံးတို့ကို အုပ်စုလိုက်ယှဉ်ပြိုင်ခဲ့ပြီး၊“အောက်ချင်းငှက်၊ဆက်ရက်၊စာကလေး၊ပဉ္စရူပအရုပ်နှင့် အာဖရိကဆင် နေ့လွှတ်ရုပ်တွေကိုတော့ တစ်ကောင်ချင်းစီ အကောင်ရေစုစုပေါင်း အလုံးနှစ်ဆယ် လွှတ်တင် ပြိုင်ပွဲဝင်နိုင်ခဲ့ပါတယ်” “တန်ဆောင် တိုင် အရုပ်ပြိုင်ပွဲ မကျင်းပမီလွန်ခဲ့တဲ့(၃)လ(၄) လကတည်းက အရုပ်ဖန်တီးခြင်း၊ ဆေးရောင်စုံခြယ်ခြင်းနဲ့ လိုအပ်တဲ့ယမ်း၊ အစရှိတာတွေရှာဖွေ ဝယ်ယူစုဆောင်းခြင်းကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ခဲ့ကြရပါတယ်” “ပြီးတော့ကျွန်တော့တို့ လွှတ်တင်ယှဉ်ပြိုင်ခဲ့တဲ့ တိရစ္ဆာန်အရုပ်ပေါင်းစုံတွေမှာကုန်ကျစရိတ် အနည်းဆုံးအကောင်က ကျပ်တစ်သိန်းရှစ်သောင်းကနေကျပ်သုံးသိန်းခွဲ၊လေးသိန်းအထိရှိပါတယ်” “နှစ်စဉ်ပြိုင် ပွဲဝင်ပါတယ်ဆုတွေလည်း ရခဲ့ဖူးပါတယ်၊ဒီနှစ်ထဲလည်းဆု ထပ်မံဆွတ်ခူးရရှိနိုင်လိမ့်မယ်လို့ ကျွန်တော်တို့မျှော်လင့်ထား ပါတယ်”ဟု အဖွဲ့ခေါင်းဆောင် ဦးချစ်ကိုကိုကရှင်းလင်းပြောကြားခဲ့သည်။
တောင်ကြီး တန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲရက်မတိုင်မီ ကာလအောက်တိုဘာ ၂၇ ရက်နေ့မှ နိုဝင်ဘာ ၂ ရက်နေ့ထိ နေ့လွှတ်အရုပ်ပေါင်း(၂၇၃)လုံး၊ ပြိုင်ပွဲကျင်းပပြီးစီးခဲ့ပြီးပွဲတော် နောက်ဆုံးရက်အထိ နေ့လွှတ်အရုပ်မီးပုံးပျံစုစုပေါင်း(၃၆၁) လုံးပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း၊ ပြိုင်ပွဲကျင်းပရာသို့ မီးပုံးပျံပညာရှင်များ၊ ပြိုင်ပွဲဝင်အသင်းအဖွဲ့များနှင့် အမြို့မြို့အနယ်နယ်မှလာ ရောက်ကြည့်ရှုကြသည့် ဧည့်ပရိသတ်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)