ခိုလမ်မြို့၊ ဝမ်ဟင်ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ဌာနပေါင်းစုံ စုပေါင်းမဟာ ဘုံကထိန်ပွဲကျင်းပ

ခိုလမ် နိုဝင်ဘာ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ခိုအွတ်ကျေးရွာအုပ်စု၊ ဝမ်ဟင်ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ဌာနဆိုင်ရာများနှင့် အလှူရှင်များပူးပေါင်း၍ စုပေါင်းမဟာဘုံကထိန် အလှူတော်ပွဲ ကျင်းပခြင်းကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါဘုန်းတော်ကြီးကျောင်းရှိ ဓမ္မာရုံ အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သာသနဝိပုလသိမ်ဆင်း သံဃာတော် (၁၅) ပါးအား သိမ်ဆင်းလောင်းလှူ‌ပူဇော်ခဲ့ပြီး စုပေါင်းမဟာဘုံကထိန်ပွဲကို ဆက်လက်ကျင်းပရာ ဆရာတော်ကြီးများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက နမောတဿ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး ဝမ်ဟင်‌ဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော် အရှင်ပရမာနန္ဒထံမှ ငါးပါးသီလနှင့် သြဝါဒခံယူ ဆောက်တည်ကြသည်။

ဆက်လက်၍ မြို့စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်မင်းစိုးနှင့် တက်ရောက်လာသူများမှ ဆရာတော်၊ သံဃာတော်များအား ကထိန်လျာမြတ်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုအတွက် ကထိန်အနုမောဒနာ ရေစက်ချတရား ချီးမြှင့် နာယူကာရေစက်သွန်းချ အမျှပေးဝေပြီးနောက် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု ( ၃ ) ကြိမ် ရွတ်ဆိုပူဇော်၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

ထို့နောက် ဌာနဆိုင်ရာများနှင့် အလှူရှင်များစုပေါင်း လှူဒါန်းထားသော ငွေသားနှင့်ပစ္စည်း စုစုပေါင်း တန်းဖိုးငွေကျပ်(၃၀၀၁၀၀၀/-)အား ဆရာတော်ထံ ဆက်ကပ်လှူဒါန်းပေးခဲ့ပြီး ဆရာတော်၊ သံဃာတော်တို့အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။

ကျော်ဇင် (ခိုလမ်၊ပြန်/ဆက်)