တပ်ကုန်းမြို့၌ မြန်မာ့ရိုးရာနွားအလှနှင့်နွားလှည်းယဉ်ကြော့ပြိုင်ပွဲ ဒုတိယရက် ဆက်လက်ယှဉ်ပြိုင်

တပ်ကုန်း ‌နိုဝင်ဘာ ၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် မြို့နယ်လုံးဆိုင်ရာ(၅၅)ကြိမ်မြောက် မဟာဘုံကထိန်ပွဲတော်ကြီးတွင် အလှပဒေသာပင်များ၊ စျေးဆိုင်များ၊ နိုင်ငံကျော်အဆိုတော် စတိတ်ရှိုးလှည့်ကား၊ မြန်မာ့ရိုးရာ နွားအလှနှင့် နွားလှည်းယဉ်ကြော့ပြိုင်ပွဲ၊ မီးပုံးပျံလွှတ်တင်ခြင်းများ ပါဝင်လျက်ရှိရာပွဲတော်ကြီးကို အောက်တိုဘာ ၃၁ရက်(တန်ဆောင်မုန်းလဆန်း ၁၁ ရက်)က စတင်ကျင်းပခဲ့ရာ နိုဝင်ဘာ ၂ ရက်နေ့နံနက်ပိုင်းက  နွားအလှနှင့်နွားလှည်းယဉ်ကြော့ပြိုင်ပွဲ ဆက်လက် ကျင်းပခဲ့သည်။

တပ်ကုန်းမြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန်ပွဲတော်ကြီးဟာ ကျင်းပလာခဲ့တာ အခုအကြိမ် အပါဝင် (၅၅)ကြိမ်မြောက်ပွဲတော်ဖြစ်ကြောင်း၊ မြို့နယ်သူ၊ မြို့နယ်သားများက သံဃာတော်သုံး ပစ္စည်းမျိုးစုံများကို အခြေခံပညာကျောင်းများအလိုက်၊ ရပ်ကွက်များအလိုက်၊ မိသားစုအလိုက်၊ တစ်ဦးချင်းအလိုက် အလှပဒေသာပင်များစည်းကာ မြို့နယ်ဗုဒ္ဓသာသနာပြုဗိမာန်တော်ရင်ပြင် တွင် ငါးရက်၊ ငါးညတိုင်တိုင် အကြည်ညိုသဒ္ဒါပွားနိုင်ရေး အလှပြသထားရှိ၍ လှူဒါန်းမှုပစ္စည်း များကို ရေစက်သွန်းချ အမျှပေးပြီး လှူဒါန်းပစ္စည်းများခွဲဝေစုပုံ၍ မဲစနစ်ဖြင့် ကထိန်အာနိသင်ရ ဘုန်းတော်ကြီးကျောင်းများကို လှူဒါန်း​ပေးကြောင်း ဗုဒ္ဓသာသနာပြုဗိမာန်တော်ဂေါပကတစ်ဦး ထံမှ သိရသည်။

တပ်ကုန်းမြို့နယ်တွင် နွားအလှနှင့်လှည်းယဉ်ကြော့ပြိုင်ပွဲကို  ၂၀၂၄ ခုနှစ်၊ မြို့နယ်လုံးဆိုက်ရာ မဟာဘုံကထိန်ပွဲတော်မှာ ပထမအကြိမ်ထည့်သွင်း စတင်ကျင်းပခဲ့ပြီး အခုလိုဒုတိယအကြိမ်ဖြစ် မြောက်အောင် ဆောင်ရွက်ရခြင်းသည် ကွယ်ပျောက်လုနီးပါးဖြစ်နေသည့် မြန်မာ့ယဉ်ကျေးမှု ရိုးရာဓလေ့ကို မြို့နယ်အတွင်းမှာရှိတဲ့ မျိုးဆက်သစ်လူငယ်လူရွယ်တွေ မြင်တွေ့စေရေး၊ တန်ဖိုးထားမြတ်နိုးတတ်စေရေး၊ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းတတ်စေအောင် ရည်ရွယ်ပြီး ဆောင် ရွက်ပေးခြင်းဖြစ်ကြောင်း၊  မိဘဘိုးဘွားများရဲ့အမွေအနှစ် လှည်းယဉ်များကို တန်ဖိုးထား ထိန်း သိမ်းတတ်စေရန်နှင့် နွားချော၊ နွားကောင်းများ မွေးသူများကိုလည်း ဂုဏ်ပြုပေးခြင်းဖြစ်ကြောင်း၊ ယခင်မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှုတွေကို နောင်မျိုးဆက်သစ် လူငယ်တွေ ယဉ်ကျေးမှုအမွေအနှစ်များကို  တန်ဖိုးထားနိုင်အောင် စီစဉ်ဆောင်ရွက်ပေးခြင်းလဲဖြစ်ကြောင်း  နွားအလှနှင့်လှည်းယဉ်ကြော့ပြိုင်ပွဲကျင်းပရေးကော်မတီဝင်တစ်ဦး၏ ထံမှ သိရသည်။

အဆိုပါ ပွဲတော်ကြီးတွင် မြန်မာ့ရိုးရာနွားအလှနှင့်လှည်းယဉ်ကြော့ပြိုင်ပွဲ၌  နွားအလှနှင့်လှည်း ယဉ်ကြော့အစီး ၂၈ စီးအနက်မှ ပထမရက်နှင့် ဒုတိယရက် ယှဉ်ပြိုင်ခဲ့ပြီး သပြေချောင်း၊ တိုးလေး၊ ရွှေဆည်းသား၊ ဖိုးသားဘင်လာဒင်၊ ကျားညီနောင်(၁)၊ ဥသျှစ်ကုန်း၊ ရွှေမင်းသား၊ ကျားညီနောင် (၂)၊  ရွှေကြက်သွန်းခင်း(၁)၊ ဒို့အနော်ရထာ(၂)၊  စုစုပေါင်း နွားအလှနှင့်လှည်းယဉ်ကြော့ ၁၀ စီးတို့ ဗိုလ်လုပွဲတက်ရောက်သွားကြောင်းနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူနှင့်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်သူများ၊ စုစုပေါင်းပရိသတ် ၁၀၀၀ကျော် လာရောက်အားပေး ကြည့်ရှုခဲ့ကြောင်း သိရသည်။

တင်စိုးလွင်