ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း အထက်ပုဇွန်တောင်လမ်းမကြီးတစ်လျှောက် လမ်းလယ်မီးတိုင်များ တပ်ဆင်တည်ဆောက်ခြင်းနှင့် မီးများထွန်းလင်းရေးအခြေအနေများကို ကြည့်ရှုစစ်ဆေး

ရန်ကုန် နိုဝင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် အောက်တိုဘာ (၃၁) ရက်နေ့ ညပိုင်းက အထက်ပုဇွန်တောင်လမ်းမကြီးတစ်လျှောက် လမ်းလယ်မီးတိုင်များ တပ်ဆင်တည်ဆောက်ခြင်းနှင့် မီးထွန်းလင်းရေး အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် အထက်ပုဇွန်တောင်လမ်းမကြီးတစ်လျှောက် လမ်းလယ်မီးတိုင်များ တပ်ဆင်တည်ဆောက်မှုနှင့် လမ်းလယ် လမ်းမီးတိုင်များ မီးထွန်းလင်းနိုင်ရေးအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌနှင့် တာ၀န်ရှိသူများက ဆောင်ရွက်လျက်ရှိသည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းများအား သတ်မှတ် ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ ပြီးစီးအောင် ဆောင်ရွက်ရန်နှင့် လမ်းသားများခွဲရာတွင် စနစ်တကျ ဆောင်ရွက်ရန်စသည်တို့ကို မှာကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းမကြီးများ တိုးချဲ့အဆင့်မြင့်တင်ခြင်း၊ ယာဉ်အန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်ခြင်း၊ သန့်ရှင်းသာယာလှပရေး၊ ရန်ကုန်မြို့၏ အဓိကလမ်းမကြီးများတွင် ညအခါ နှစ်ဖက်ယာဉ်ကြောကို အလင်းပေးနိုင်သည့် လမ်းလယ်မီးတိုင်များ စိုက်ထူကာ မီးထွန်းလင်းရေးနှင့် အထက်ပုဇွန်တောင် လမ်းမကြီး တစ်လျှောက် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဂျပန်-မြန်မာချစ်ကြည်ရေးတံတားမှ အထက်ပုဇွန်တောင်လမ်းအထိနှင့် သမိန်ဗရမ်းလမ်းမကြီးတစ်လျှောက် တာမွေမြို့နယ်၊ တာမွေအဝိုင်းထိပ်မှ မင်္ဂလာ တောင်ညွန့်မြို့နယ် သာကေတတံတား (ငမိုးရိပ်)အထိ လမ်းလယ်မီးတိုင်များ စုစုပေါင်း (၁၂၁)တိုင်၊ လမ်းမီးလုံး(150W) (၂၅၆) လုံး၊ မြေအောက်လမ်းမီးလိုင်းကြိုး (၁၃၆၀၄)ပေ တည်ဆောက်တပ်ဆင်ဆောင်ရွက်ခြင်းလုပ်ငန်းကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းနှင့် တာဝန်ရှိသူများက ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် MSME ထုတ်ကုန်ပစ္စည်းများ၊ ဒေသထွက်ကုန်ပစ္စည်းများ ရောင်းချမည့် ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင် တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲတွင် ရေပန်းများ၊ အလှပန်းခင်းများနှင့် အလှမီးများ ပြင်ဆင်ဆောင်ရွက်ထားမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက ဆောင်ရွက်ထားမှုကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)