ရန်ကုန် နိုဝင်ဘာ ၂
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၌ နိုဝင်ဘာ ၁ ရက်နေ့ နံနက် (၉) နာရီ (၄၅)အချိန်က ညောင်သုံးပင်ကျေးရွာ၊ သနပ္ပင်သွားလမ်း၊ ကွင်းအမှတ်(၆၈၃/က)ကွင်းတွင် မိုးရွာသွန်းပြီး လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် မဟာနန်းတော် ဆိတ်ခြံ၊ အေဝမ်းနွားခြံနှင့် ဦးမောင်သိန်းဆိတ်ခြံ အဆောက်အဦ ခေါင်မိုးများ ပျက်စီးခဲ့ကြောင်း သိရသည်။
လေဆင်နှာမောင်း တိုက်ခတ်မှုဖြစ်ပွားသည့် သတင်းအရ သန်လျင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်ဌေးဦးစီး၍ ရဲတပ်ဖွဲ့ဝင်များ၊ သန်လျင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးတင့်နှင့် ဝန်ထမ်းများ၊ သန်လျင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သောင်းဒန် ဦးစီးရဲတပ်ဖွဲ့ဝင်များ၊ သန်လျင်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်မျိုးဝင်း ဦးစီး၍ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ သွားရောက်စစ်ဆေးရာ မိုးရွာသွန်းပြီး လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် မဟာနန်းတော်ဆိတ်ခြံ အလျား ၂၀၀ ပေ x အနံ ၈၀ ပေခန့်ရှိ သွပ်မိုး၊ သစ်ခင်း၊ သံဖရိန် အဆောက် အဦ(၂)လုံး၊ အလျား(၅၀)ပေ x အနံ (၅၀)ပေခန့်ရှိ သွပ်မိုး၊ သစ်ခင်း၊ သံဖရိန် ကာအဆောက်အဦ(၁)လုံး၊ အေဝမ်းနွားခြံ အလျား(၄၀)ပေ၊ အနံ(၁၀၀)ပေခန့်ရှိ သွပ်မိုး၊ သွပ်ကာ၊ သံဖရိန် အဆောက်အဦ (၁)လုံး အမိုးပွင့်ထွက်ပျက်စီးခဲ့ပြီး ဆိတ်ခြံ၊ အလျား(၁၅၀) x အနံ(၃၀)ပေ ခန့်ရှိ ဝါးတဲအဆောက်အဦ၊ တာလဘတ်မိုး၊ သံဇကာကာ(၁)လုံး၊ တာလဘတ်အမိုးများ ပွင့်ထွက် ပျက်စီး၊ အလျား(၃၀)ပေ x အနံ(၁၀၀)ပေ ခန့်ရှိ ဝါးတဲအဆောက်အဦ၊ တာလဘတ်မိုး၊ သံဇကာကာ(၁)လုံး၊ တာလဘတ်အမိုးများ ပွင့်ထွက်ပျက်စီးခဲ့ကြောင်း မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာသိန်းသိန်းဦးထံမှ သိရသည်။
ဖြိုးသီဟ (ခရိုင်ပြန်/ဆက်)