ကော့မှူး နိုင်ဝင်ဘာ ၂
မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများ၊ အလှူရှင်များစုပေါင်း၍ လှူဒါန်းသောမြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်အလှူတော် မင်္ဂလာရေစက်ချအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် တောင်ပိုင်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန့်တော့၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်လက်ခိုက်ငြမ်းကျောင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တရေဝတထံမှ ငါးပါးသီလခံယူ ဆောက်တည်၍ ကထိန်အနုမောဒနာတရားများ နာယူခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းက သာသနာရေးဆိုင်ရာကိစ္စရပ်များအား လျှောက်ထားခဲ့သည်။ ယင်းနောက် ဆရာတော်များအား ကထိန်လျာသင်္ကန်းနှင့်လှူဖွယ် ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့သည်။
ထို့နောက် မြို့နယ်ဌာနဆိုင်ရာများနှင့်အလှူရှင်များမှ စုပေါင်းလှူဒါန်းသော ငွေပဒေသာပင်များ၏ တန်ဖိုးမှာငွေသားတန်ဖိုး (၆,၆၉၁,၀၀၀) ကျပ်နှင့် ပစ္စည်းတန်ဖိုး (၂,၁၇၃,၀၀၀)ကျပ် သီလရှင်ကျောင်းမှ သီလရှင်ဆရာကြီးအား လှူဒါန်းငွေ (၂၃၀,၀၀၀) လှူဒါန်းရာ စုစုပေါင်းလှူဒါန်းမှု တန်ဖိုးမှာ (၉,၀၉၄,၀၀၀) တို့အား ဘုန်းတော်ကြီးကျောင်း(၁၃)ကျောင်းနှင့် သီလရှင်ကျောင်း(၁)ကျောင်းသို့ မဲဖောက်ဆက်ကပ် လှူဒါန်းခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရတနာရွှေမိုး ငွေမိုးရွာသွန်းကာ အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)