ရန်ကုန် နိုဝင်ဘာ ၂
၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲ တောင်သူများသို့ နေကြာမျိုးစေ့များနှင့် Drum Seeder များ ဖြန့်ဖြူးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ညောင်ကုန်းကျေးရွာ တောင်သူ ဒေါ်အေးအေးပိုင်၏ လယ်တွင် ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တောင်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားရာ Drum Seeder ဖြင့် စပါးစိုက်ပျိုးရေး နည်းစနစ်များကို ၂၀၂၃ ခုနှစ် နွေစပါးရာသီမှစ၍ ဆောင်ရွက်ခဲ့ ကြောင်း၊ Drum Seeder ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခြင်းအားဖြင့် တောင်သူကြီးများအတွက် ပျိုးနုတ်စိုက်ပျိုးခြင်း လုပ်အားခကုန်ကျစရိတ်ကို သက်သာစေခြင်း၊ အချိန်ကုန်သာစေခြင်းနှင့် သီးနှံများ ညီညာစွာ ပေါက်ရောက်စေခြင်းတို့ကြောင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်အောင် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ပါကြောင်းနှင့် နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍအောင်မြင်ရေးအတွက် ရေရရှိရေးသည် အဓိကအကျဆုံး အခြေခံအုတ်မြစ်ပါကြောင်းစသည်တို့ကို ပြောကြားသည်။
ထို့နောက် မှော်ဘီခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးနိုင်က မှော်ဘီခရိုင်အတွင်း စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ခေတ္တတိုင်းဒေသကြီးဦးစီးမှူး ဦးတင့်နိုင်က စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးတင်မောင်ကြည်က တိုင်းဒေသကြီးအတွင်း Drum Seeder များ ဖြန့်ဝေအသုံးပြုမှု အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက တောင်သူများအား Drum Seeder များနှင့် နေကြာမျိုးစေ့များကို ပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက Drum Seeder များအကြောင်းကို တက်ရောက်လာသူများအား ရှင်းလင်းပြသခဲ့သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် အဖွဲ့က မိုးစပါးစံပြကွက်အား ရိတ်သိမ်းချွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှု၊ သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်ကြဲပက် စိုက်ပျိုးနေမှုများ၊ Drum Seeder များ၊ ဓာတ်မြေဩဇာများ၊ ပြသထားသည့် စပါးမျိုးစေ့ နမူနာများနှင့် စိုက်ပျိုးရေးသုံး ပြခန်များကို လှည့်လည်ကြည့်ရှုအားပေးသည်။
ယနေ့ မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲတွင် တောင်သူ ဒေါ်အေးအေးပိုင်၏လယ်ကို စိစစ်ရိတ်သိမ်းရာ (၁)ဧကလျှင် စပါးတင်း အခြောက်ထွက်နှုန်း (၁၂၈)တင်း ထွက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)