မြစ်သား နိုဝင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင်ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အထွက်နှုန်းကွာဟချက်အပေါ် ဆန်းစစ်ခြင်း (Training of Trainer TOT) ဆင့်ပွားသင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့ မွန်းလွဲ(၁၂)နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထိန်က စာရေးရိက္ခာဖူလုံရေးနှင့် တောင်သူများဝင်ငွေတိုးပြီး လူမှုစီးပွားဘဝပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊အလာရှိသော သို့မဟုတ် သီးနှံ၏ဖြစ်နိုင်စွမ်းရှိသော အထွက်နှုန်းကိုဆုံးဖြတ်ရန်၊ လက်တွေ့အထွက်နှုန်းနှင့်နှိုင်းယှဉ်ရန်၊ အထွက်နှုန်းကွာဟမှုကိုဖြစ်စေသော အကြောင်းအရင်းများကို ဖော်ထုတ်ရန်နှင့် အထွက်နှုန်းတိုးတက်စေရန်နည်းလမ်းများကို ရှာဖွေဆုံးဖြတ် ပေးရန်ရည်ရွယ်၍ စပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အထွက်နှုန်းကွာဟချက်အပေါ် ဆန်းစစ်ခြင်းလုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ခင်ထားနွယ်က စပါးစိုက် တောင်သူများအတွက် ပန်းတိုင်အထွက်နှုန်းကိုဦးတည်သော စပါးအထွက်နှုန်းကွာဟချက်များ ဆန်းစစ်လေ့လာခြင်းသုတေသန၏ စစ်တမ်းမေးခွန်းလွှာဖြည့်စွက် နည်းများအား ဆွေးနွေးပို့ချခဲ့သည်။
အဆိုပါဆင့်ပွားသင်တန်းဖွင့်ပွဲသို့ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထိန်၊ ကျောက်ဆည်ခရိုင် ဦးစီးမှူးဒေါ်ခင်ငြိမ်းထွေး၊ မြစ်သားမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမင်းနိုင်နှင့် ဝန်ထမ်းများ၊ သင်တန်းနည်းပြဆရာ၊ဆရာမများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)