တန်ဆောင်တိုင်ပွဲတော် နေ့လွှတ်အရုပ်မီးပုံးပျံပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်နေမှုအား ပွဲတော်လာဧည့်သည်တော်များမှ စည်ကားသိုက်မြိုက်ပျော်ရွှင်စွာ ကြည့်ရှုအားပေး

တောင်ကြီး   နိုဝင်ဘာ  ၂

ရှမ်းပြည်နယ် တောင်ကြီးမြို့ အဝေယာကုန်းသာယာ မီးပုံးပျံကွင်းကြီးအတွင်း၌ ကျင်းပလျက်ရှိသည့် နေ့လွှတ်အရုပ်ပြိုင်ပွဲကို အောက်တို ဘာလ ၂၇ ရက်နေ့မှ စတင်ကာ  နေ့လွှတ်အရုပ် မီးပုံးပျံပြိုင်ပွဲအား ယှဉ်ပြိုင်ကျင်းပပေးခဲ့ရာ နိုဝင်ဘာ ၁ ရက်နေ့ နေ့လယ်ပိုင်းတွင်လည်း ဆက်လက်ယှဉ်ပြိုင် လွှတ်တင်လျက်ရှိသည်။

ပြိုင်ပွဲတွင် တောင်ကြီးမြို့ပေါ်ရပ်ကွက်များမှ အသင်းများ၊ ကုမ္ပဏီအသင်းအဖွဲ့များမှအသင်းများ၊ တောင်ကြီးမြို့အနီးဝန်းကျင်မြို့ရွာများမှ ပြိုင်ပွဲဝင်အသင်းများမှ အတီးအမှုတ်အကအခုန်များဖြင့် ပျော်ရွှင်စွာပါဝင်ယှဥ်ပြိုင် လွှတ်တင်လျက်ရှိကြသည်။

အဆိုပါ နေ့လွှတ်အရုပ်ပြိုင်ပွဲတွင် ခြေနှစ်ချောင်းအမျိုးအစား (၁၉၁)လုံး၊ ခြေလေးချောင်း အမျိုးအစား (၁၀၄)လုံးနှင့် အရုပ်အုပ်စုအမျိုးအစား(၆၆)လုံး အစရှိသည်ဖြင့် စုစုပေါင်း (၃၆၁)လုံး ပါဝင်ယှဉ်ပြိုင် လွှတ်တင်ကြမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီမှတာဝန်ရှိသူထံမှသိရသည်။

ပြိုင်ပွဲအား မီးပုံးပျံ ဝါသနာရှင်များနှင့်ရပ်နီး၊ ရပ်ဝေးမှ ပွဲတော်လာဧည့်သည်များက စည်ကားသိုက်မြိုက်ပျော်ရွှင်စွာ လာရောက်ကြည့်ရူအားပေးကြကြောင်းသိရသည်။

ပြည်နယ်(ပြန်/ဆက်)