ဟားခါးမြို့ အတုလဂုဏ်ရည်သာသနာ့ဗိမာန်တော်၌ ချင်းပြည်နယ်အစိုးရအဖွဲ့ စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်

ဟားခါး နိုဝင်ဘာ  ၁

ချင်းပြည်နယ်အစိုးရအဖွဲ့ဦးဆောင်မှုဖြင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာမိသားစုများ၊ တပ်ရင်း/တပ်ဖွဲ့မိသားစုများ၊ ဒေသခံဗုဒ္ဓဘာသာဝင်မိသားစုများ၏ ၂၀၂၅ ခုနှစ် စုပေါင်းမဟာ ဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို နိုဝင်ဘာ ၁ ရက် နံနက် ၉ နာရီခွဲက ဟားခါးမြို့ အတုလဂုဏ်ရည် သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။

အခမ်းအနားတွင် ထန်တလန်မြို့နယ် လုံလဲရ်သာသနာပြုကျောင်းဆရာတော် ဘဒ္ဒန္တဉာဏုတ္တရ(အဂ္ဂမဟာသဒ္ဓမ္ဓဇောတိကဓဇ)ထံမှ ဧည့်ပရိသတ်အပေါင်းက ငါးပါးသီလခံယူဆောက်တည်၍ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဇျာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး ဟားခါးမြို့ ကျောဘုတ်သာသနာပြုကျောင်းဆရာတော်ဦးဆောင်၍ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဇျာယ် ချီးမြှင့်တော်မူကြသည်။

ထို့နောက် ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေးက စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့်စပ်လျဉ်းသည့် သာသနာရေး ဆိုင်ရာများကို လျှောက်ထားပြီးနောက် ၁၃၈၇ ခုနှစ်ခု စုပေါင်းမဟာဘုံကထိန် ကထိန်ခံကျောင်းဖြစ် သော ဟားခါးမြို့ ကျောဘုတ်သာသနာပြုကျောင်းဆရာတော် ဘဒ္ဒန္တပညောဘာသအား ခေတ္တ ပြည်နယ်ဝန်ကြီးချုပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ကထိန်လျာသင်္ကန်းနှင့် လှူဖွယ် ဝတ္ထုပစ္စည်းများကိုလည်းကောင်း၊ ထန်တလန် မြို့နယ် လုံလဲရ်သာသနာပြုကျောင်းဆရာတော် ဘဒ္ဒန္တဉာဏုတ္တရအား ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုးက လည်းကောင်း ၊  ဟားခါးမြို့ မြို့မသာသနာပြုကျောင်းမှ ဆရာတော်ဘဒ္ဒန္တသြသဓအား လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးနေလင်းအောင်ကလည်းကောင်း၊ ကျန်ပင့်သံဃာတော်များအား တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိန်ထွန်းလှနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လည်းကောင်း ၊ သုခိတာရုံသာသနပြုသီလရှင်စာသင်တိုက်မှ သီလရှင်များအား ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက လည်းကောင်း သီလရှင်ဝတ်စုံနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

 ယင်းနောက် ဟားခါးမြို့နှင့် ထန်တလန်မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟားခါးမြို့ ကျောဘုတ် သာသနာပြုကျောင်းဆရာတော် ဘဒ္ဒန္တပညောဘာသ(အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)ထံမှ အနုမောဒနာတရား နာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေပြီး ရတနာရွှေမိုး ငွေမိုးများ ရွာသွန်းဖြိုးကာ သံဃာတော် အရှင်သူမြတ်များကို နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)