အဖျောက်မြို့တွင် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်

တိုက်ကြီး   နိုဝင်ဘာ  ၁

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီးဖြစ်သဖြင့် မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးနှင့် မီးလောင်မှုကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် နိုင်ငံပိုင်ပစ္စည်းများ ထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိစေရေး ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အဖျောက်မြို့မဈေးတွင် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့် မြတ်ပညာကိုယ်ပိုင်အထက်တန်းကျောင်းတွင် မီးသတ်နည်း ဇာတ်တိုက်လေ့ကျင့်ခြင်းတို့ ဆောင်ရွက်သည်။

ထိုသို့ ဆောင်ရွက်ခြင်းကို တိုက်ကြီးမြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ ခေတ္တမြို့နယ်မီးသတ်ဦးစီးမှူး ဦးဇင်သက်ထူး ဦးဆောင်၍ အဖျောက်နယ်မြေ မီးသတ်စခန်း တာဝန်ခံ လက်ထောက် မီးသတ်ဦးစီးမှူး ဦးဇင်ကိုနှင့်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်လေးဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦး၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့လျှပ်စစ် ကျွမ်းကျင်ဝန်ထမ်းများ၊ မြို့စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ အဖျောက်မြို့မဈေး မီးဘေးလုံခြုံရေးစစ်ဆေးပြီး မီးဘေးကြိုတင်ကာကွယ်ရေး လိုက်နာရမည့်အချက်များကို အကြံပြု ပြောကြားခဲ့သည်။

ထို့နောက် အဆိုပါအဖွဲ့သည် မြတ်ပညာကိုယ်ပိုင်အထက်တန်းကျောင်း၌ မီးဘေးလုံခြုံရေး စစ်ဆေးခြင်း၊ မီးဘေးအန္တရာယ် အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်နည်းများကို သရုပ်ပြဇာတ်တိုက်လေ့ကျင့်ရာ ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင် လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)