ရန်ကုန် နိုဝင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး ၂၀၂၅ခုနှစ် တန်ဆောင်တိုင် MSMEs ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ UMFCCI နှင့်ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ စက်မှုဇုန်အသီးသီးမှ တာဝန်ရှိသူများ၊ စက်မှုလုပ်ငန်းရှင်များ၊ MSMEs လုပ်ငန်းရှင်များ၊ အသေးစား စက်မှုလက်မှုလုပ်ငန်းရှင်များ၊ စစ်ဘက်နယ်ဘက်မှတာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂ဝ၂၅ ခုနှစ် တန်ဆောင်တိုင် MSMEs ဈေးရောင်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြသည့် ပုဂ္ဂိုလ်များအားလုံးကိုကျေးဇူးတင်ရှိပါကြောင်းနှင့် ပြည်သူလူထုအနေနှင့် စိတ်လက်ပေါ့ပါးပျော်ရွှင်စွာဖြင့် ဂီတဖျော်ဖြေမှုကို ကြည့်ရှုခံစားရင်းထုတ်ကုန်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာဝယ်ယူအားပေးနိုင်ရေး၊ ထုတ်လုပ်ပြသရောင်းချသူများအနေဖြင့် တစ်ဦးနှင့်တစ်ဦးမိမိထုတ်ကုန်ပစ္စည်းများကို ကောင်းသောယှဉ်ပြိုင်ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းသုံး ထုတ်ကုန်ပစ္စည်းများမှ ပြည်ပတင်ပို့နိုင်သည့် အမယ်သစ်၊ အရည်အသွေးကောင်းထုတ်ကုန်ပစ္စည်းများဖြစ်ပေါ်စေပြီး MSMEs လုပ်ငန်းများမှာလည်း ပြည်တွင်း၌ပင် ပိုမိုတိုးတက်ဖွံ့ဖြိုးလာနိုင်စေရေးတို့ကိုပါ မြော်တွေး စီမံဆောင်ရွက်ထားရှိသည့် ယခုပွဲတော်ကြီးတွင် ပါဝင်ဆင်နွှဲကြရန် ပြောကြားသည်။
ထို့နောက်၂၀၂၅ခုနှစ်တန်ဆောင်တိုင်ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲအား တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးဗိုလ်ဌေး၊ စီပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ ရွှေပြည်သာ(၂/၃/၄) စက်မှုဇုန်ဥက္ကဋ္ဌ ဒေါက်တာထင်ကျော်ဦး၊ အနော်ရထာ စက်မှုဇုန်ဥက္ကဋ္ဌ ဒေါ်စန်းစန်းလွင်၊ ရွာသာကြီးအသေးစားစက်မှုဇုန်ဥက္ကဋ္ဌ ဦးဝဏ္ဏ၊ ဦးချင်မြင့် (MD Myanmar Weimin Energy Technology Co.,Ltd)၊ ဦးအောင်မြတ်သူ(General Manager, Delta International Limited)၊ MSME လုပ်ငန်းရှင် ဦးထူးဝေ (မြူ ထန်းရေလုပ်ငန်း)၊ အသေးစားစက်မှုလက်မှုလုပ်ငန်းရှင် ဦးဖြိုးဝေမျိုးမင်း(တုံတုံစားသောက်ကုန်)၊ လုပ်ငန်းရှင်ဦးဝင်းဌေး MD.Win Engineering Group၊ ဦးပိုင်ထူးချစ် MD,Vinny Co.,Ltd၊ ဦးဝင်းမြင့်(သာဓုကန်စက်မှုဇုန် ဥက္ကဋ္ဌ)နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ဆက်လက်၍ တိုင်းရင်းသားရိုးရာ အကအဖွဲ့များက ဖျော်ဖြေတီးခတ်တင်ဆက်ကပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ် သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဈေးဆိုင်ခန်းများနှင့် နေရောင်ခြည်စွမ်းအင်သုံးထုတ်ကုန်ပစ္စည်းများအား လှည့်လည်ကြည့်ရှုအားပေးကြသည်။
အဆိုပါ ဈေးရောင်းပွဲတော်ကို နိုဝင်ဘာ ၁ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ နေ့စဉ်နံနက် ၈ နာရီမှ ည ၁ဝနာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၊ MSME လုပ်ငန်းရှင်များ၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊MSME by G3G Appဆိုင်ခန်းများ၊ : Weday Online Shop ဆိုင်ခန်းများမှ Online Marketplace 4 Digital Marketingနှင့် ပတ်သက်၍ ဆွေးနွေးမှုများ၊ ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြင့်မားစေရေးအတွက်စာအုပ်အရောင်းဆိုင်များနှင့် စားသောက်ဆိုင်ခန်းများ စုစုပေါင်းဆိုင်ခန်းပေါင်း (၆၃၀) ကျော် ခင်းကျင်းရောင်းချလျက်ရှိရာ ပွဲတော်ရက်များအတွင်း အလှူရှင်များက နေ့စဉ်စတုဒီသာကျွေးမွေးခြင်းများ၊ ရုပ်ရှင်၊ သဘင်နှင့် ဂီတနယ်ပယ်မှ ကျော်ကြားသည့် အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုခံစားနိုင်မည် ဖြစ်သည်။
ထိုပြင်ပွဲတော်လာပြည်သူများသွားလာရေးအဆင်ပြေလွယ်ကူစေရန် အကြို/အပို့ကားများ စီစဉ်ဆောင်ရွက်ထားရှိပြီး အလှပန်းခင်းများ၊ အလှမီးများနှင့် မီးရှူးမီးပန်းများ ပစ်ဖောက်မည်ဖြစ်၍ မည်သူမဆို ပျော်ရွှင်စွာ လာရောက်ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)