ဒဂုံဆိပ်ကမ်း အောက်တိုဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ အမှတ်(၉၄)ရပ်ကွက် အိမ်ရာစီမံခန့်ခွဲရေးကော်မတီ၏ မတည်ရန်ပုံငွေနှင့် စေတနာရှင်ပြည်သူများ၏ လှူဒါန်းငွေဖြင့် တည်ဆောက်သည့် ယုဇနအလင်းတန်းစာကြည့်တိုက်နှင့် လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ပညာဒါနသင်တန်းခန်းမဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်း၊ ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်ဇော်၊ ဒဂုံမြို့သစ်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကို၊ အမှတ်(၉၄)ရပ်ကွက် အုပ်ချုပ်ရေးမှူး အိမ်ရာစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဇင်နှင့် ယုဇနအလင်းတန်းစာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးမောင်မြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ယုဇနအလင်းတန်းစာကြည့်တိုက်အား ရန်ကုန်တိုင်းဒေသကြီး၊ စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီ နာယက၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီးဦးဌေးအောင်က စက်ခလုပ်နှိပ်ဖွင့်လှစ်ကာ အမွှေးနံ့သာရေများဖြင့် ပက်ဖြန်း ပေးခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးနှင့် ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ စာကြည့်တိုက်နှင့် သင်တန်း ခန်းမအား လှည့်လည်ကြည့်ရှု့ခဲ့သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဦးဌေးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ယုဇနအလင်းတန်းစာကြည့်တိုက်သို့ သုတ/ရသ စာအုပ်များနှင့် အလှူငွေများ လှူဒါန်းပေးပါသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ခဲ့သည်။ ထို့နောက် အမှတ်(၉၄)ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ အိမ်ရာစီမံခန့်ခွဲရေးကော်မတီ ဥက္ကဌ ဦးခင်မောင်ဇင်က ယုဇနအလင်းတန်း စာကြည့်တိုက်နှင့် လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ပညာဒါန သင်တန်းခန်းမ ဖြစ်မြောက်ရေးအတွက် အလှူငွေနှင့်စာအုပ်စာစောင်များ လှူဒါန်းပေးပါသော အလှူရှင်များနှင့် ဖွင့်ပွဲအခမ်းအနားဖြစ်မြောက်အောင် ဝိုင်းဝန်းကူညီ ပံ့ပိုးခဲ့သူများ၊ တက်ရောက်လာသော ဧည့်သည်တော်များအား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ဖြိုးစန္ဒာ(ပြန်/ဆက်)