တာမွေ အောက်တိုဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်အတွင်း အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ် သမားများပပျောက်ရေး အသိညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက် ပိုင်းအချိန်က သင်္ဃန်းကျွန်းခရိုင်လူမှု ဝန်ထမ်းရုံး၏ စီစဉ်မှုဖြင့်ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တာမွေမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းကအဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်္ဃန်းကျွန်းခရိုင် လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်သီတာမွန်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများနှင့် ပတ်သက်၍လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်ပေးနေသည့်အခြေအနေများကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးဝင်းမြတ်ကိုက အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံနေရသည့် ကလေးအလုပ်သမားများနှင့် ပတ်သက်၍ ဥပဒေ/ နည်းဥပဒေ/ ပြစ်မှု/ပြစ်ဒဏ်များကိုလည်းကောင်း၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေး ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဌေးဌေးက အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနတွင် ပြဌာန်းထားသည့်အလုပ်ရှင်/ အလုပ်သမားများနှင့် ပတ်သက်သည့် ဥပဒေ/နည်းဥဒေများ၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများနှင့် ပတ်သက်၍ ဆောင်ရွက် ပေးနေသည့် အခြေအနေ/ လုပ်ထုံးလုပ်နည်းများကိုလည်းကောင်း၊ အမှတ်(၆)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (ရန်ကုန်)မှ ရဲအုပ်ကျော်စွာမြင့်က လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ဥပဒေ/နည်းဥဒေများ၊ ရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်သည့် ဥပဒေ/ နည်းဥပဒေ/ ပြစ်မှု/ ပြစ်ဒဏ်များကို လည်းကောင်း၊ လူမှုဖူလုံရေးအဖွဲ့မှ ဦးစီးအရာရှိ ဒေါ်နီလာဝင်းက လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အလုပ်သမားများနှင့် ပတ်သက်၍ ဆောင်ရွက်ပေးနေသည့် အခြေအနေ လုပ်ထုံးလုပ်နည်းများအား အသေးစိတ်အသိပညာပေး အသီးသီးရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ အသိပညာပေးဟောပြောခဲ့ကြသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး အသိပညာပေးဟော ပြောခဲ့ကြသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ခဲ့သည်။ ထို့နောက် သင်္ဃန်းကျွန်းခရိုင် လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုစုမာက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
အခမ်းအနားသို့ သင်္ဃန်းကျွန်းခရိုင် လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ တာမွေမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အတွင်းရှိ စက်ရုံ/ အလုပ်ရုံနှင့် လုပ်ငန်းအသီးသီးမှ တာဝန်ရှိသူများနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)