ဒဂုံတောင် အောက်တိုဘာ ၂၉
မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးဘေးလုံခြုံရေး၊ မီးဘေးတားဆီးကာကွယ်နိုင်ရေး အသိပညာများ ကျယ်ပြန့်စေရေးတို့အတွက် ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီ၃၀မိနစ်က ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ဆရာစံလမ်းရွာသာကြီးစက်မှုဇုန်ရှိ Myanmar Handsome အထည်ချုပ်စက်ရုံမှ ဝန်ထမ်း (၃၀၀) ဦးအား အသိပညာပေး ဟောပြောခြင်းနှင့်အတူ မီးငြှိမ်းသတ်ရေးလက်တွေ့သရုပ်ပြခြင်းတို့ ဆောင်ရွက်ကြကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးစိုးနိုင် ဦးဆောင်သောသန္ဓေတပ်ဖွဲ့ဝင် (၅)ဦး ပါဝင်သောအဖွဲ့က စက်ရုံ၊ အလုပ်ရုံများ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခြင်း မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေးနည်းလမ်းများကို အကျယ်တဝင့်ဟောပြောအသိပညာပေးပြီး မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ဂက်(စ်)မီးဖို၏မီတောက်မီးလျှံများ မီးငြှိမ်းသတ်နည်း၊ စက်သုံးဆီများ မီးလောင်ကျွမ်းမှုအပေါ် ငြှိမ်းသတ်မှုနည်းလမ်းများ၊ မီးသတ်ဆေးဘူးအသုံးပြုပုံများ၊ မီးသတ်ပိုက်ဖြင့်မီးငြှိမ်းသတ်ပုံတို့ကို တက်ရောက်လာသော စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်းများနှင့်အတူ လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
နေမျိုးအောင်(ဒဂုံတောင်)