သုံးခွ အောက်တိုဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ဓာတုဓာတ်ကြွင်းကင်းစင်သော ပဲတီစိမ်းသီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် စီစဥ်ကျင်းပသည့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ GAP သင်တန်းကို အောက်တိုဘာ ၂၈ ရက် နံနက် ၉ နာရီက လေးကျွန်းမာရ်အောင် စေတီတော်ဝင်းအတွင်းရှိ ဇမ္ဗူဒီပ ဓမ္မဗိမ္မာန်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်လင်းဟန်က အဖွင့်အမှာစကားပြောကြားရာတွင် ပဲတီစိမ်းစိုက်ပျိုးနည်းစနစ်များ၊ ပိုးသတ်ဆေးသုံးစွဲနည်းစနစ်များ၊ ပိုးသတ် ဆေးအရောင်းဆိုင်များအနေဖြင့် တောင်သူတွေကို ဓာတ်ကြွင်းအာနိသင်များမဖြစ်ပေါ်စေရေး အသိပညာပေးရောင်းချရန်နှင့် GAPနည်းလမ်းများ အတိုင်းစိုက်ပျိုးနိုင်စေရေးရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် GAP စနစ်ဖြင့် ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်ခြင်းနှင့်ပတ်သက်၍ ဦးစည်သူထွန်းက ကုမ္ပဏီများအနေဖြင့် ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းစဉ်များ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ကုမ္ပဏီများကိုယ်စား ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ဘာသာရပ်အလိုက် ကျွမ်းကျင်သည့် စိုက်ပျိုးရေး ပညာရှင်များက GAP စနစ်ဖြင့် ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်ခြင်း၊ မြေဆီလွှာစီမံခန့်ခွဲခြင်းနည်းစနစ်များကို သင်တန်းပို့ချပြီး တက်ရောက်လာသောတောင်သူများက သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။ အဆိုပါသင်တန်းကို ၂၈-၁၀-၂၀၂၅ ရက်နေ့မှ ၂၉-၁၀-၂၀၂၅ ရက်နေ့အထိ နှစ်ရက်ကြာသင်တန်း ပို့ချမည်ဖြစ်ကြောင်းသိရပြီး သုံးခွမြို့နယ်အတွင်းရှိ ကျေးရွာ (၃၁)ရွာမှ တောင်သူ ကျား (၆၃)ဦး၊ မ(၁၉)ဦး၊ စုစုပေါင်း (၈၂)ဦး တက်ရောက်ခဲ့ ကြောင်းသိရသည်။
စည်သူလင်း ပြန်/ဆက်