တာမွေ အောက်တိုဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များမီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တာမွေမြို့နယ်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးအာကာမင်းခင် ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက တာမွေမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၌ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရန်မီးငြှိမ်းသတ်ရေးပစ္စည်းများနှင့် မီးသတ်ဆေးဘူးများအား ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ အရေးပေါ် မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ရေလုံလောက်စွာရရှိနိုင်ရေးအတွက် ရေသိုလှောင်ကန်များ ပြင်ဆင် ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စက်သုံးဆီအရောင်းဆိုင်များမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး လိုက်နာဆောင်ရွက်နိုင်ကြစေရန်အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာအသိ ပညာပေး ဟောပြောခြင်းများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်တွင် မီးလောင်မှု၊ မီးလန့်မှုများ မကြာခဏ ဆိုသလို ဖြစ်ပွားလေ့ရှိတာကြောင့် ယခုနှစ်အတွင်း မြို့နယ်အတွင်းရှိ စက်ရုံ/ အလုပ်ရုံ/ လုပ်ငန်းများ/ စျေးဆိုင်များနှင့် နေအိမ်များတွင် မီးဘေးအန္တရာယ် ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေရေးအတွက် မြို့နယ်မီးသတ် ဦးစီးဌာနအနေဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
ထက်တံခွန်(ပြန်/ဆက်)