ဟားခါးမြို့တွင် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး အလယ်တန်းအဆင့် (Level - 1,2,3) ပုံနှိပ်စာအုပ်များ ပေးအပ်ပွဲကျင်းပ

ဟားခါး စက်တင်ဘာ ၂၈

ဟားခါးမြို့ အမှတ်(၂)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ ဖွင့်လှစ်သည့် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးကျောင်းတွင် ပညာသင်ကြားနေသော မူလတန်းကျောင်းသား ၊ ကျောင်းသူများအတွက် ပုံနှိပ်စာအုပ်များ ပေးအပ်ပွဲကို စက်တင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီက ဟားခါးမြို့ အမှတ်(၂)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းရှိ အီးကေကိမ်းငဲင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ ခေတ္တလူမှုရေးရာဝန်ကြီး ဦးစိန်ထွန်းလှနှင့် သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်းတို့က အမှာစကားပြောကြားကြပြီး ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးကျောင်းတွင် ပညာသင်ကြားနေသော မူလတန်းအဆင့် level-1 အတွက် ပုံနှိပ်စာအုပ် (၄၄) စုံကို ခေတ္တလူမှုရေးရာဝန်ကြီးကလည်းကောင်း၊ မူလတန်းအဆင့် level-2 အတွက် ပုံနှိပ်စာအုပ် (၆၅) စုံကို သယံဇာတရေးရာဝန်ကြီးကလည်းကောင်း ပေးအပ်ကြပြီး ဟားခါးမြို့နယ် ပညာကော်မတီ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးကျောင်းသည် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းလုံးဝမနေခဲ့ဖူးသူ၊ ကျောင်းနေသော်လည်း မူလတန်းပညာမပြီးမီ ကျောင်းစောထွက်ခဲ့သူ၊ အသက် (၁၀) နှစ်မှ (၁၄) နှစ် သက်ငယ်အုပ်စုများနှင့် အခြေခံပညာအလယ်တန်းဆင့် ပြီးမြောက်အောင် မသင်ယူနိုင်ခဲ့သော အသက်(၁၃)နှစ်မှ (၁၈)နှစ်ကြား လူငယ်များအတွက် ရည်ရွက်ဖွင့်လှစ်ထားခြင်းဖြစ် မူလတန်း level -1 တွင် ( ၆၇ ) ယောက် ၊ မူလတန်း level-2 တွင် ( ၇၆) ယောက် ၊ အလယ်တန်း level-1 တွင် ( ၄၈ ) ယောက် ၊ အလယ်တန်း Level-2 တွင် (၅၁) ယောက် ၊ အလယ်တန်း level-3 တွင် (၆၇) ယောက်၊ စုစုပေါင်း (၃၀၉) ယောက်က ပညာသင်ကြားလျက် ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)