ရန်ကုန် အောက်တိုဘာ ၂၈
သန်လျင်ခရိုင်၊ သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပမည့် တန်ဆောင်တိုင် မသိုးသင်္ကန်းယက်လုပ်ယှဉ်ပြိုင်ပွဲ၊ ဆီမီးပူဇော်ပွဲ၊ ဆွမ်းတော်ကြီးတင်လှူပွဲ၊ ရွှေသင်္ကန်းကပ်လှူပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၊ စတုဒီသာကျွေးမွေးလှူဒါန်းပွဲများဖြင့်စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ မသိုးသင်္ကန်းယက်လုပ်ယှဉ်ပြိုင်ပွဲ ဖွင့်ပွဲကို နိုဝင်ဘာလ(၃)ရက်တနင်္လာနေ့ ညနေ(၄) နာရီတွင် စေတီတော် ရင်ပြင်ရှုခင်းသာတန်ဆောင်းရှေ့၌ ကျင်းပသွားမည်ဖြစ်ပြီး ယက္ကန်းစင်တော် ငါးစင်တို့ဖြင့် ယှဉ်ပြိုင်ယက်လုပ်ကြမည်ဖြစ်ပြီး ရရှိလာမည့် မသိုးသင်္ကန်းများအားတန်ဆောင်မုန်းလပြည့်နေ့ အရုဏ်တက်ချိန်တွင် တန်ဆောင်းလေးသွယ်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးများအား ဆက်ကပ်သွားမည်ဖြစ်သည်။
တန်ဆောင်မုန်းလပြည့်နေ့ နံနက်(ရ)နာရီခွဲတွင်စေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ဆရာတော်၊ သံဃာတော်အပါး (၉၀)တို့အား စာရေးတံမဲ ပဒေသာပင်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူမည်ဖြစ်ရာ ပါဝင်ကုသိုလ်ပြုလှူဒါန်းလိုကြသည့် အလှူရှင်များအနေဖြင့် ဖုန်း ၀၉ ၇၉၆၂၇၀၈၆၉၊ ၀၉ ၆၆၆၆၂၃၆၅၅ တို့သို့ကြိုတင်စာရင်းပေးလှူဒါန်းနိုင်ကြောင်း ဂေါပကအဖွဲ့ တာဝန်ရှိသူတစ်ဦးမှ သိရသည်။
ဖြိုးသီဟ(သန်လျင်)