တိုက်ကြီးမြို့နယ်လူထုအခြေပြုဗဟိုဌာန၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲကျင်းပ

တိုက်ကြီး အောက်တိုဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား၊ ကျောင်းသူလူငယ်များ ရင်ဆိုင်ကြုံတွေ့နေရသည့် မူးယစ်ဆေးဝါးအန္တရာယ်ကို အမျိုးသားရေး တာဝန်အဖြစ် တိုက်ဖျက်နိုင်စေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ဆိုးကျိုးများကိုသိရှိပြီး ကြိုတင်ရှောင်ရှားနိုင်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရာပြည့်အောင်ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းကာ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စောဝတ်ရည်က မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် လူတစ်ဦးတစ်ယောက်ချင်း ထိခိုက်စေရုံသာမက မိသားစု၊ ဆွေမျိုးအပေါင်းအသင်း၊ တိုင်းပြည်၏အရင်းအမြစ်များနှင့် လူ့အဖွဲ့အစည်းတစ်ခုလုံး ထိခိုက်စေနိုင်ပုံတို့ကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါး အန္တရာယ် သိကောင်းစရာများပါဝင်သည့် နံရံကပ်စာစောင် ပြသခြင်းနှင့် သုတ၊ ရသစာအုပ်များကို ပြသခဲ့ရာ စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)