မတ္တရာမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကျင်းပ

မတ္တရာ   အောက်တိုဘာ ၂၆

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မတ္တရာမြို့နယ်ဦးစီးမှူးရုံးမှ “ပန်းခင်း”စီမံချက် အဆင့်(၃)ထပ်တိုးဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မတ္တရာမြို့နယ် တောင်ပြုံးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး  ညွှန်ကြားရေးမှူး ဦးစိုးလွင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အောင်မြေသာစံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်ဆွေမှ အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မတ္တရာမြို့နယ်ဦးစီးမှူး ဦးအောင်ဇော်တင့်မှ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်  မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ အောင်မြေသာစံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အောင်မြေသာစံခရိုင်ဦးစီးမှူး  ဦးမောင်မောင်အေး၊ မတ္တရာမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးသန်းဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အောင်ထွန်းနှင့် မြို့နယ်ဦးစီးမှူးတို့မှ နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၅၇ ကတ်ကို ပြည်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။

အခမ်းအနားအပြီးတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မတ္တရာမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆက်လက် ဆောင်ရွက်ပေးခဲ့ရာ ၇၅ ကတ်ကို နေ့ချင်းပြီး ဆောင်ရွက်ပေးနိုင်ခဲ့ပြီး စုစုပေါင်း ၂၃၂ ကတ် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)