မြစ်ကြီးနား အောက်တိုဘာ ၂၆
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေး၊ စားသုံးဆီဖူလုံရေးတို့ အတွက် နွေစပါး/မိုးစပါးနှင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် အောက်တိုဘာ ၂၄ ရက် မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးသည်။
ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်း စားရေရိက္ခာဖူလုံရေးအတွက် မြို့နယ်အလိုက် ဆန်ဖူလုံမှုရှိသော်လည်း စားဆီဖူလုံမှုမှာ လိုအပ်ချက်များစွာရှိနေကြောင်း၊ မိမိတို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စိုက်ပျိုးဧကများ တိုးချဲ့ဖော်ထုတ်ပေးနိုင်ရေး၊ မျိုးကောင်းမျိုးသန့် မျိုးစေ့များ တိုးချဲ့ထောက်ပံ့ပေးနိုင်ရေး၊ စိုက်ပျိုးနည်းစနစ်မှန်ကန်စေရေး စဉ်ဆက်မပြတ် ကြိုးစားအားထုတ်လျက်ရှိပါကြောင်း၊ ခရိုင်၊ မြို့နယ်တာဝန်ရှိသူများအနေဖြင့်လည်း မြေပြင်ကွင်းဆင်းစစ်ဆေးပြီး လိုအပ်ချက်များ ဖြည့်ဆည်း ပေးနိုင်ရေး စာရင်းကောက်ယူခြင်း၊ ကူညီဆောင်ရွက်ခြင်းများကို ကြိုးစားဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ဒေသနှင့်ကိုက်ညီပြီး ဖြစ်ထွန်းသည့်သီးနှံများကို ဦးစားပေးစိုက်ပျိုးခြင်းဖြင့် ပန်းတိုင်အထွက်နှုန်းရရှိရေးကို ဆက်လက်ကြိုးစားကြရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှ ပြည်နယ်ဦးစီးမှူးများနှင့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ်အတွင်း မိုးစပါးလျာထားဧကပြည့်မီအောင် စိုက်ပျိုးပြီးစီးမှု၊ ဆောင်းသီးနှံအတွက် ဆီထွက်သီးနှံများ ဦးစားပေးစိုက်ပျိုးသွားမည့် အစီအစဉ်များနှင့် မျိုးကောင်းမျိုးသန့်ရရှိ/ ခွဲဝေ/ ဖြန့်ဝေထားရှိမှု အခြေအနေများနှင့် ဆီစက်၊ ဆန်စက်များ ပြုပြင်တိုးချဲ့ဆောင်ရွက်နိုင်မှု၊ မွေးမြူကဏ္ဍတိုးချဲ့နိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က မိုးစပါးပြီး ရိုးပြတ်ကျန်လယ်များတွင် ဆီထွက်သီးနှံများ အချိန်နှင့်တစ်ပြေးညီ စိုက်ပျိုးနိုင်ရေး စိုက်ပျိုးချိန်မီ လိုအပ်သည့် သွင်းအားစုများ၊ မျိုးစေ့များ ပံ့ပိုးပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို ပြည်နယ် အဆင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ကချင်ပြည်နယ်အနေဖြင့် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ရေမြေသဘာဝအလိုက် လျာထားဧက ၅ သိန်းကျော်ရှိသည့်အနက် အောက်တိုဘာ ၁၅ ရက်နေ့အထိ ဧက ၄၉၆၃၈၅ စိုက်ပျိုးနိုင်ခဲ့ပြီးဖြစ်သည့်အပြင် ယခုနှစ်တွင် ဆီထွက်သီးနှံအတွက် ဧက ၁၁၅၆၃၅ လျာထားလျက်ရှိကြောင်းနှင့် ဆောင်းဆီထွက်သီး နှံတိုးချဲ့စိုက်ဧကအတွက် မျိုးစေ့လိုအပ်ချက်အပေါ် မြေပဲတင်း ၃၀၀၊ နှမ်း (၄၅)တင်း၊ နေကြာ (၃၈၇) တင်း၊ ဆီမုန်ညှင်း (၈၈၁)တင်း၊ ပန်းနှမ်း (၄၆)တင်း၊ ပဲပုပ် တင်း (၅၅၀) ဖြန့်ဝေပေးပို့ထားရှိကြောင်း သိရသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် အောက်တိုဘာ ၂၅ ရက် မွန်းလွဲပိုင်းကလည်း မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် (ကြာရပ္ပတီး-ဘီ) အတွင်းရှိ ရှင်သန်ခြင်းဧဝံဂေလိနှစ်ခြင်းအသင်းတော်ဝင်းအတွင်း ယာယီခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စုများနှင့် သွားရောက်တွေ့ဆုံအားပေးကာ စခန်းအတွင်းရှိ အိမ်ထောင်စု (၆၅)စုတို့အတွက် ဆန်အိတ် (၆၅)အိတ်နှင့် ကြက်ဥများကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် စခန်းတာဝန်ခံက စခန်းအတွင်း မိသားစုများအတွက် လျှပ်စစ်မီး လိုအပ်ချက်နှင့် သောက်သုံးရေ၊ ချိုးရေ လိုအပ်ချက်အတွက် ရေတွင်း/ ရေစင်တူးဖော်ဆောက်လုပ်ပေးနိုင်ရေး တင်ပြ ပြီး သိက္ခာတော်ရဆရာက ကောင်းချီးတောင်းခံ ဆုတောင်းဆက်ကပ်အပ်နှံပေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက် အတွင်းရှိ သောင်ဦးကျောင်းတိုက်သို့ သွားရောက်ပြီး သောင်ဦးကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တဥတ္တရမထေရ်မြတ်ကြီး၏ သက်တော် (၈၆)၊ သိက္ခာတော် (၆၆)ဝါ၏ အန္တိမအဂ္ဂိ စျာပနကျင်းပပူဇော်ပွဲသို့ သွားရောက်ပြီး ဆရာတော်မထေရ်မြတ်ကြီး၏ ရုပ်ကလာပ်တော်အား ဖူးမျှော်ကြည်ညိုခဲ့ကြကာ အလှူငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး အန္တိမအဂ္ဂိစျာပနကျင်းပပူဇော် မှု အောင်မြင်စွာ ပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ ညနေပိုင်းကလည်း မြစ်ကြီးနားမြို့ ရွှေညောင် ပင်ရပ်ကွက်အတွင်းရှိ ယူချိန်ဗုဒ္ဓဘာသာနှင့် ကွန်ဖြူးရှပ်သင်တန်းကျောင်း၌ ကျင်းပသည့် ဘက်စကတ်ဘောပြိုင်ပွဲသို့ တက်ရောက်ပြီး ဗိုလ်လုပွဲစဉ်အဖြစ် အထက်တန်းအဆင့် အမျိုးသား ဘတ်စကတ်ဘောပြိုင်ပွဲကို ကြည့်ရှုအားပေးကာ ပြိုင်ပွဲအတွက် ထောက်ပံ့ငွေကျပ် (၂၅)သိန်းကို ထောက်ပံ့ပေးအပ်ပြီး ဆုရအသင်းများအား ချီးမြှင့်ငွေနှင့် ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်