တပ်ကုန်းမြို့နယ် အုန်းပင်ကျေးရွာအုပ်စုနှင့် အနီးဝန်းကျင်တွင် အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးခြင်း ဆောင်ရွက်

တပ်ကုန်း အောက်တိုဘာ ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်၊ အုန်းပင်ကျေးရွာအုပ်စုနှင့် အနီးဝန်းကျင်မှ ကျေးရွာနေပြည်သူများအား နေပြည်တော်ကုသရေးဦးစီးဌာန၊ နေပြည်တော်ကုတင် ၃၀၀ ပြည်သူ့ဆေးရုံ နှင့် တပ်ကုန်းကုတင် ၁၀၀ ပြည်သူ့ဆေးရုံတို့ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက အုန်းပင်ကျေးရွာ၊ မင်္ဂလာရန်အောင်ဘုန်းတော်ကြီးကျောင်းတိုက်တွင် အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါကျန်းမာရေးစောင့်ရှောက်ရေးအဖွဲ့တွင် နေပြည်တော်ကုသရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာ ဆွေဇင်ဝင်း၊ နေပြည်တော်ကုတင် ၃၀၀ ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ သီတာစိုး၊ သားဖွားမီးယပ်အထူးကုဆရာဝန်၊ ခွဲစိတ်အထူးကုဆရာဝန်၊ ဆေးပညာအထူးကုဆရာဝန်၊ ကလေးအထူးကုဆရာဝန် ၊ သွားအထူးကုဆရာဝန်၊ အရိုးအထူးကုဆရာဝန်၊ မျက်စိအထူးကုဆရာဝန်၊ တပ်ကုန်းမြို့နယ် ကုတင် ၁၀၀ ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ ညွန့်ရွှေအောင်နှင့် ဆရာဝန်များ၊ သူနာပြုဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများက ဓာတ်မှန်ရိုက်လူနာ၊  အရိုးအကြောလူနာ၊ ကလေးလူနာ၊ သားဖွားမီးယပ်လူနာ၊ သွားနှင့်ခံတွင်းလူနာ၊ မျက်စိလူနာ၊ အကြောအဆစ်သန်စွမ်းရေးလူနာ၊ ခွဲစိတ်လူနာ၊ အထွေထွေရောဂါကုလူနာ စုစုပေါင်း ၄၉၄ ဦးတို့အား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လိုအပ်သည့်ဆေးဝါးများ ပေးအပ်ခဲ့ကြောင်းနှင့် လွှဲပြောင်းလူနာ ၆၃ ဦးကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်