အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ (၃၇)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား တိုင်းဒေသကြီး၀န်ကြီးချုပ် လှည့်လည်ကြည့်ရှုအားပေး

ချမ်းမြသာစည်  အောက်တိုဘာ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊  သံလျက်‌မော်တောင်ရပ်ကွက်၊ ကန်တော်ကြီးပတ်လမ်း၊  အကွက် (၄၀၆)ရှိဇီဝိတဒါနသံဃာ့ဆေးရုံဝင်းအတွင်း ယနေ့နံနက် ၇ နာရီက ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ (၃၇)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းအုပ်ချုပ်ရေးမှူးမှ ဦးဆောင်ကြီးကြပ်၍ တိုင်းထွေ/အုပ်မှ ဝန်ထမ်းများ၊ မဟာအောင်မြေခရိုင်၊ အောင်မြေသာစံခရိုင်၊ အမရပူရခရိုင်များ အတွင်းရှိ ခရိုင်/မြို့နယ်ရုံးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်/ပင် ဝန်ထမ်းများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ရာ အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးခဲ့ရာ သံဃာ့ဆေးရုံ အကျိုးတော်ဆောင်အဖွဲ့က ကြိုဆိုခဲ့ကြသည်။  

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆေးရုံဝင်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး‌နောက် ကန်ပတ်လမ်းရှိ ကန်တော်ကြီးအတွင်း ဇီဝိတဒါန ငါးဘေးမဲ့လွှတ်ခြင်းကို  ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ချမ်းမြေ့(ချမ်း/စည်)