မြိတ် အောက်တိုဘာ ၂၅
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးသတ်တပ်ဖွဲ့လုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာ၌ အဆင်ပြေချောမွေ့မှုရှိစေရန်အတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား တပ်ဖွဲ့ဝင် တူညီဝတ်စုံ ပေးအပ်ခြင်းအခမ်းအနားကို မြိတ်ခရိုင် မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ ည (၇) နာရီက ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးပြည်ဟိန်းကျော်က အရန် မီးသတ်တပ်ဖွဲ့ဝင်များသည် တာဝန်သိမှု စည်းလုံးမှုများဖြင့် မီးသတ်လုပ်ငန်းများအပြင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် အင်တိုက်အားတိုက်ပါဝင်ဆောင်ရွက်လျက်ရှိကြပြီး ရပ်အကျိုးရွာအကျိုးများတွင်လည်း ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်နေကြသည့်အတွက် ကျေးဇူးတင် ဂုဏ်ယူပါကြောင်း ပြောကြားသည်။
ထို့နောက် မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးဇော်ဝင်းက အရန်မီးသတ်တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံပေးအပ်ရသည့်ရည်ရွယ်ချက်၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှူးတို့က အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် တူညီဝတ်စုံ အစုံ(၁၀၀)ကို အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )