ကျွန်းစု စက်တင်ဘာ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြိတ်ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းဆင်းပွဲကို အောက်တိုဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကပကျေးရွာအုပ်စု၊ ကပကျေးရွာ (Smart Village) ၌ စတင်ဖွင့်လှစ်ခဲ့သည်။
သင်တန်းသည်ဒေသနှင့် ကိုက်ညီသော အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေပြီး သင်တန်းသားများ သည် လုပ်ငန်းခွင်သို့ တိုက်ရိုက်ဝင်ရောက် လုပ်ကိုင်နိုင်သည်အထိ ကျွမ်းကျင်တတ်မြောက်စေရန်၊ တစ်နိုင်တစ်ပိုင်အိမ်တွင်းမှု ကုန်ထုတ်လုပ်ငန်းများမှသည် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) အထိ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်သည်။
ဦးစွာ မြိတ်ခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်တင်တင်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက သင်တန်းဆင်း အမှာစကားပြောကြားခဲ့သည်။
ထို့နောက် သင်တန်းသူ ထူးချွန်ဆု၊ သင်တန်းဆင်းလက်မှတ်များနှင့် အမှတ်တရလက်ဆောင်များကို တာဝန်ရှိသူများက ပေးအပ်ခဲ့ပြီး အမှတ်တရ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း၊ သင်တန်းတွင် ချောကလက်ဒိုးနတ်၊ တူနာငါးညှပ်ပေါင်မုန့်၊ မွေးနေ့ကိတ်၊ ငှက်ပျောသီးကိတ်၊ ပျားရည်အလွှာကိတ်၊ မာဖင်၊ ပူတင်းခွက်၊ အုန်းနံကထိုင်၊ ပဲချောင်းအစိမ့်၊ ငရုတ်သီးနှမ်းကပ်ကြော်၊ ထောပတ်ကွတ်ကီး အပါအဝင် ကွတ်ကီးအမျိုးမျိုး၊ ဒူးရင်းသီးအနှစ်ပါသည့် မုန့်/ပေါင်မုန့် စသည့် စားသောက်ကုန် (၁၇) မျိုး ပြုလုပ်နည်းများကို အောက်တိုဘာ ၂၀ ရက်နေ့ မှ ၂၄ ရက်နေ့ထိ သင်တန်းသူ ၂၀ ဦးအား စာတွေ့လက်တွေ့ အခမဲ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)
 
     
     
     
     
    