မြိတ်မြို့တွင် မြစိမ်းရောင်(သမဝါယမကဏ္ဍ) နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးခဲ့သည့် မိုးစပါးစိုက်ခင်းများ ရိတ်သိမ်းချွေလှေ့

မြိတ်    အောက်တိုဘာ    ၂၅

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မြစိမ်းရောင်(သမဝါယမကဏ္ဍ) နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဝန်ဖို့ကျေးရွာရှိ ပေါ်ဆန်းရင်လယ်ယာနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်းများမှ အသင်းသားတောင်သူများ စိုက်ပျိုးခဲ့ကြသည့် မိုးစပါးစိုက်ခင်းများ ရိတ်သိမ်းချွေလှေ့နေမှုအား မြို့နယ်သမဝါယမဦးစီးဌာနမှ အောက်တိုဘာ ၂၃ ရက်နေ့က ကွင်းဆင်းကြည့်ရှုအားပေးကြသည်။

အသင်းသားတောင်သူ(၅၈)ဦး၏ မျိုးစပါးစိုက်ခင်း(၆၅၅)ဧကတွင် ဆင်းသုခ၊ မှော်ဘီ၊ GW-11 မျိုးစပါး အမျိုးအစားများဖြင့် စိုက်ပျိုးခဲ့ကြပြီး တောင်သူများ၏ မိုးစပါးရိတ်သိမ်းချွေလှေ့နေမှုအား  မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စမ်းစမ်းမိုးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။

တောင်သူများ၏ မိုးစပါးစိုက်ခင်းများ၌ (၁)ဧကအထွက်နှုန်းများတိုးစေရန် စပါးစိုက်ခင်းများတွင် မြေဩဇာများ အချိန်ကိုက် အချိုးကျထည့်သွင်းခြင်း၊ ပိုးမွှားရောဂါကျရောက်မှု မရှိစေရေးကို ဂရုစိုက်ဆောင်ရွက်ခဲ့ကြသဖြင့် ရိတ်သိမ်းချွေလှေ့ရာတွင် ယခင်နှစ်ကထက် စပါးအထွက်နှုန်း ပိုမိုရရှိခဲ့ကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။ 

မြိတ်မြို့နယ်၌ စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်း(၆)သင်းမှ အသင်းသား တောင်သူ (၁၅၃)ဦးသည် မြစိမ်းရောင် (သမဝါယမကဏ္ဍ) နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးဧက (၁၅၇၄) စိုက်ပျိုးထားရှိပြီး သမဝါယမကဏ္ဍမှ ပန်းတိုင်အထွက်နှုန်း တိုးတက်လာစေရန်နှင့် (၁)ဧကအထွက်နှုန်းများတိုးစေရန် မြို့နယ်သမဝါယမဦးစီးဌာနမှ အသင်းသားတောင်သူများကို ကျပ်သန်း(၃၁၄.၈)နှင့်ညီမျှသော သွင်းအားစုများကို ပေးအပ်ထားရှိကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)