ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေအရာရှိများ၏ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနား ကျင်းပ

ထားဝယ်    အောက်တိုဘာ   ၂၅

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် ဥပဒေအရာရှိများ၏ သတ္တမအကြိမ်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင်တိုင်းဒေသကြီးအစိုးရအဖွဲ့ဥပဒေချုပ်ဦးအုန်းသန်းက ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဥပဒေအရာရှိများအနေဖြင့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ကော်မရှင်အဖွဲ့ခွဲတွင် တာဝန်ထမ်းဆောင်ကြမည့် ဥပဒေအရာရှိများအနေဖြင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်သည့်နေရာတွင် မိမိ၏ပင်မလုပ်ငန်းအပြင် အုပ်ချုပ်မှုဆိုင်ရာလုပ်ငန်းများ၊ ကော်မရှင်အဖွဲ့ခွဲ၏လုပ်ငန်းများ ဆောင်ရွက်သည့်အခါ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ အထူးသဖြင့်ဥပဒေအရာရှိများနှင့် ဝန်ထမ်းမိသားစုဝင်များက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲပေးနိင်ရေးအတွက်ကို  သက်ဆိုင်ရာ တိုင်း/ခရိုင်/မြို့နယ် ဥပဒေအရာရှိများက မဲစာရင်းတွင်ပါရှိရေး တစ်ဦးတစ်ယာက်မှ မကျန်ရှိအောင် အလေးထား ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ မိမိရုံး၌ရှိသောအရာထမ်း၊ အမှုထမ်းနှင့် မိသားစုဝင်များက မဲစာရင်းတွင် ပါ/မပါ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများတွင် မဲစာရင်းအားကြည့်ရှုပြီး မပါရှိက သက်ဆိုင်ရာ ဥပဒေအရာရှိများအနေဖြင့် မဲစာရင်းပါရှိရေး အလေးထားဆောင်ရွက် ပေးကြရန် လိုအပ်ကြောင်း၊ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေဖို့ မိမိတို့၏မဲပေးပိုင်ခွင့်ကို   မိမိနှင့်တကွ ဥပဒေအရာရှိများနှင့် ဝန်ထမ်းမိသားစုဝင်များတို့က မဲပေးနိုင်ရေး ဦးစားပေးဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းမှာကြားပြီး ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေ့ချုပ်၊ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်တို့၏ လမ်းညွှန်ချက်များကို ထပ်ဆင့်ရှင်းလင်း ဆွေးနွေးပြောကြားသည်။

ထို့နောက်ဥပဒေရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေရုံးများ၏ ၂၀၂၅ ခုနှစ်၊ မတ်လမှစက်တင်ဘာလအထိ လုပ်ငန်းဆောင်ရွက်ချက်များ၏ video clip အား ပြသပြီး တိုင်းဒေသကြီးဥပဒေအရာရှိက ညွှန်ကြားရေးမှူးချုပ်များ၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းကာ တက်ရောက်လာသော ဥပဒေအရာရှိများ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့ဥပဒေချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ငွေဇင်ယော်(ထားဝယ်)