နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အဓိကလမ်းမကြီးများနှင့် ဝဲ/ယာများတွင် လမ်းနယ်အတွင်း ကျူးကျော်မှုများ ဖယ်ရှားရှင်းလင်းရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

နေပြည်တော် အောက်တိုဘာ ၂၅

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အဓိကလမ်းမကြီးများနှင့် ဝဲ/ယာများတွင် လမ်းနယ်အတွင်း ကျူးကျော်မှုများ ဖယ်ရှားရှင်းလင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးကအဖွင့်အမှာစကားပြောကြားရာ  ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်ကောင်စီ နယ်မြေအတွင်းမှာရှိတဲ့ အဓိကလမ်းမကြီးများနှင့် လမ်းဘေး ဝဲ/ယာ များတွင် လမ်းနယ်နိမိတ်အား ကျူးကျော်ဝင်ရောက်ပြီး ဆောင်ရွက်ထားတဲ့ အဆောက်အအုံများနှင့် အခြားသောကျူးကျော်ကိစ္စရပ်များ၊ လမ်းနယ်နိမိတ်ပြင်ပလမ်းနှင့် ဆက်စပ်လျက်ရှိနေသော နေရာများမှာရှိနေတဲ့ အဆောက်အအုံများနှင့် အခြားသော ကျူးကျော်နေမှုများကို ဖယ်ရှားရှင်းလင်း နိုင်ရေး၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်ကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များနှင့်အညီ နိုင်ငံတကာအဆင့်မီမြို့တော်ကြီးဖြစ်စေရန် Green City၊  Clean City ၊ Smart City (၃)ရပ်အတိုင်း သန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပ၊ စိမ်းလန်း၊ စိုပြေသော မြို့တော်ကြီးဖြစ်စေရန်အတွက် အဖက်ဖက်မှ ဘက်စုံ၊ ကဏ္ဍစုံ အထူးကြိုးပမ်းဆောင်ရွက်လျက်ရှိ‌ကြောင်း၊ ယခုလိုနိုင်ငံတစ်ကာအဆင့်မီ မြို့တော်ဖြစ်အောင် ဘက်စုံကဏ္ဍစုံမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေတဲ့အချိန်မှာ မြို့တော်အင်္ဂါရပ်များနှင့် မညီညွတ်တဲ့မြို့တော်ရဲ့အဆင့် ဂုဏ်ပြရုပ်ကို ထိခိုက်စေတဲ့ လမ်းနယ်နိမိတ်အတွင်းနှင့် လမ်းနယ်နိမိတ်ပြင်ပတွေမှာ ကျူးကျော်ဆောက် လုပ်ထားတဲ့ အ‌ဆောက်အဦများနှင့် ရွာအဝင်လမ်းများကို လုပ်ထုံးလုပ်နည်း ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖယ်ရှားရှင်းလင်းဆောင်ရွက်သွားဖို့လိုပါကြောင်း၊ ယခုလိုဆောင်ရွက်တဲ့ အခါမှာလည်း သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများအနေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များရေးဆွဲပြီး ကဏ္ဍအလိုက်အဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ဖို့လိုပါကြောင်း၊  ဖွဲ့စည်းတာဝန်ပေးအပ်ထားတဲ့ အဖွဲ့များမှာပါဝင်တဲ့ သက်ဆိုင်ရာ ပုဂ္ဂိုလ်များအနေဖြင့်လည်း မိမိတို့၏ လုပ်ငန်းတာဝန်များကို အထူးအလေးထားပြီး ကြပ်ကြပ်မတ်မတ်ဆောင်ရွက်နေဖို့လိုပါကြောင်း၊ စနစ်တကျ မြေပြင်စာရင်း ကောက်ယူပြီး ခိုင်မာပြည့်စုံတဲ့ စာရင်းလည်းဖြစ်ဖို့လိုကြောင်း၊ လုပ်ထုံးလုပ်နည်း မူဝါဒများနှင့်အညီ ဖယ်ရှားရှင်းလင်းဆောင်ရွက်သွားဖို့ လိုပါကြောင်း၊ လမ်းနယ်နိမိတ်အတွင်း ကျူးကျော်မှုများအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနက ထုတ်ပြန်ထားသော သတ်မှတ်ပြဌာန်းထားသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဆက်လက် ဖယ်ရှားရှင်းလင်းဆောင်ရွက်သွားရန်နှင့် ဆောင်ရွက်ပြီးစီးမှုများအား အချိန်နှင့်တစ်ပြေးညီ ပြန်လည်တင်ပြရန်လိုအပ်ကြောင်း ပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသူများမှ သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များမှာကြားပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)