ဟားခါး အောက်တိုဘာ ၂၄
ချင်းပြည်နယ်အတွင်း စားရေရိက္ခာဖူလုံနိုင်ရေးအတွက် ရည်ရွယ်၍ ဟားခါးမြို့နယ်အတွင်းရှိ ဆောင်းသီးနှံစိုက်ပျိုးတောင်သူများအတွက် ဆောင်းသီးနှံကြက်သွန်နီ (ရွှေဖလား) မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက ဟားခါးခရိုင်စုပေါင်းရုံး ချယ်ရီခန်းမဆောင်၌ ကျင်းပသည်။
ဆောင်းသီးနှံကြက်သွန်နီ (ရွှေဖလား) မျိုးစေ့ပေးအပ်ပွဲအခမ်းအနားတွင် ချင်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်မျိုးဦးက ဆောင်းသီးနှံကြက်သွန်နီ (ရွှေဖလား) မျိုးစေ့ပေးအပ်ရခြင်း၏ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီးနောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစံကုန်းက သဘာဝဘေးအန္တရာယ်ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ထိခိုက်ပျက်စီးမှုများအကြောင်းကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ဟားခါးမြို့နယ်၊ လမ်သုတ်ကျေးရွာတောင်သူများအတွက် ဆောင်းသီနှံကြက်သွန်နီ (ရွှေဖလား) မျိုးစေ့များကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက လည်းကောင်း ၊ ဒင်လိုပါးကျေးရွာ တောင်သူများအတွက် မျိုးစေ့များကို စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက လည်းကောင်း ၊ လုံသာရ်ကျေးရွာအတွက် မျိုးစေ့များကို စီမံကိန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးက လည်းကောင်း ၊ နှီရ်လွန်းကျေးရွာအတွက် မျိုးစေ့များကို မြေစာရင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးကလည်းကောင်း၊ စျေးသစ်ရပ်ကွက်အတွက် မျိုးစေ့များကို ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူးကလည်းကောင်း ပေးအပ်ကြပြီး တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
( ခရိုင် ပြန်/ဆက် )