ထားဝယ် အောက်တိုဘာ ၂၃
တနင်္သာရီတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၏ (၂/၂၀၂၅)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက နှစ်ပေါင်းများစွာကတည်းက လယ်ယာမြေများ သိမ်းဆည်းခံရမှုနှင့်ပတ်သက်၍ ယခင်က ဘိုးဘွားပိုင်မြေများ ပိုင်ဆိုင်ကြောင်း စသဖြင့် ပြောဆိုပြီးမြေများရယူပိုင်ဆိုင်လိုမှုဖြင့် တိုင်ကြားသောအမှုများပြားကြောင်း၊ လယ်ယာမြေများကို အခြားနည်းသုံးစွဲခွင့် ရရှိအောင်ပြင်ဆင်ပြီး အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးထားသည်များရှိကြောင်း၊ မြေယာအရေးကိစ္စများတွင် သေချာစွာစနစ်တကျဖြင့် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွန်းများတွင် မြေများချမှတ်ပေးထားသည်များရှိကြောင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် လုပ်ငန်းများဆောင်ရွက်သည့် အခါတွင် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ငန်းများ ပြီးပြတ်အောင်ဆောင်ရွက် ပေးလျက်ရှိကြောင်း၊မြေယာအရေး ကိစ္စရပ်များသည် ရှုတ်ထွေးသောကြောင့် ပြဿနာများဖြေရှင်းဆောင်ရွက်သည့်အခါတွင် အထောက်အထားခိုင်မာစွာဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လယ်ယာမြေများနှင့်ပတ်သက်၍ လုပ်ကိုင်ဆောင်ရွက်သည့်အခါတွင် ကွင်းဆင်းစစ်ဆေး၍ လုပ်ငန်းများပြီးပြတ်အောင် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီတွဲဖက်အတွင်းရေးမှူးက လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများနှင့် ပတ်သက်၍ တင်ပြတိုင်ကြားလာမှုအပေါ် စိစစ်ဆောင်ရွက်မည့် စီမံချက်များ၊ အမှုတွဲများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြသည်။
ဆက်လက်၍ ကော်မတီအဖွဲ့ဝင်များက ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)