တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်

ထားဝယ် အောက်တိုဘာ ၂၃

အမြင်အာရုံကောင်းစေဖို့ အသိပညာမျှဝေလို့ မျက်စိကျန်းမာရေးအလေးပေးစို့ဟူသည့် ဆောင်ပုဒ်နှင့်အညီ ကမ္ဘာ့မျက်မမြင် ပပျောက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ(၂)၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတက်ကိုက နှစ်စဉ် အောက်တိုဘာလ၏ ဒုတိယရက် သတ္တပတ်ကို "ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့" အဖြစ် သတ်မှတ်ပြီးကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင် နိုင်ငံများကနှစ်စဉ်ကျင်းပ ရာ မြန်မာနိုင်ငံတွင်လည်း သက္ကရာဇ်(၂၀၀၀)ပြည့်နှစ်မှစပြီး စတင်ကျင်းပကြောင်း၊ ကျင်းပရသည့်ရည်ရွယ်ချက် အနေဖြင့်မျက်စိကွယ်ခြင်းနှင့်အမြင်အာရုံချို့ယွင်းခြင်းများသည် ပြည်သူ့ကျန်းမာရေးပြဿနာတစ်ခုဖြစ်ကြောင်းကို သိရှိနားလည်ပြီး၊ ကျန်းမာရေး ဝန်ကြီးဌာနအပါအဝင် အခြားနှီးနွယ် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့များ၊ မိတ်ဖက်အဖွဲ့အစည်းများ နှင့်စေတနာ့ ဝန်ထမ်းများအားလုံးက ပြည်သူလူထုနှင့်အတူ တက်ညီလက်ညီပူးပေါင်း၍ မျက်စိကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လာစေရန်နှင့် ကာကွယ်ကုသ၍ရသောမျက်စိရောဂါများကြောင့် အမြင်အာရုံချို့ယွင်းမှုနှင့် မျက်မမြင်ဖြစ်ပွားမှုလျော့နည်း ပပျောက်သွားစေရန်ဖြစ်ကြောင်း ၊မြန်မာနိုင်ငံတွင်မျက်စိမမြင်ခြင်းကို ဖြစ်စေနိုင်သော ရောဂါများတွင် အတွင်းတိမ်ရောဂါ၊ မျက်မှန်လိုအပ်ခြင်း၊ထိခိုက်ဒဏ်ရာရခြင်း၊ ရေတိမ်ရောဂါနှင့် ဆီးချို၊ သွေးတိုးရောဂါကြောင့်ဖြစ်သော ရောဂါများဖြစ်ပြီး အတွင်းတိမ်ရောဂါမှာ မျက်စိကွယ်ခြင်းအားလုံး၏ (၇၀) ရာခိုင်နှုန်းခန့်ရှိကြောင်း ၊ ယခုနှစ်ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ ဆောင်ပုဒ်အနေဖြင့် “Love Your Eyes” “အမြင်အာရုံကောင်းစေဖို့ အသိပညာမျှဝေလို့ မျက်စိကျန်းမာရေးအလေးပေးစို့ဖြစ်ကြောင်း၊ မျက်စိကျန်းမာရေးဆိုင်ရာ ဗဟုသုတများ ရရှိလာစေရေးအတွက်အတွေ့အကြုံများအား မျှဝေပေးခြင်းဖြင့် လူတစ်ဦးချင်းစီတိုင်း အမြင်အာရုံကိုဦးစားပေး တန်ဖိုးထားတတ်ပြီး ပုံမှန်မျက်စိစစ်ဆေးခြင်း၊ ရောဂါရှာဖွေခြင်းများအား ပြုလုပ်လာစေရေး၊ မျက်စိကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို လူတိုင်းလက်လှမ်းမီစွာရရှိ ဆောင်ရွက်နိုင်စေရေးအတွက်ဝိုင်းဝန်းပံ့ပိုး ပေးရန်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံသားအားလုံး ဘဝတစ်လျှောက် အမြင်အာရုံချို့ယွင်းမှုမရှိစေရန်အတွက် ငယ်စဉ်ကလေးအရွယ်ကစ၍ မျက်စိကျန်းမာရေးကို အလေးထားဆောင်ရွက်ကြရန်လိုအပ်ကြောင်း ၊ကျန်းမာရေး ဝန်ကြီးဌာနနှင့် အတူနှီးနွယ်ဝန်ကြီးဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ပြည်သူအားလုံး ပူးပေါင်း၍ မျက်စိကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။

တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးက အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဆောင်ရွက်ပေးနေသော လုပ်ငန်းများအား တင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက ခုတင်(၃၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးထားဝယ်မှ ဆေးရုံအုပ်ကြီး၊ မျက်စိအထူးကု ဆရာဝန်ကြီး ဦးဆောင်သော ဆေးအဖွဲ့ ကမ္ဘာ့မျက်မမြင် ပပျောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဘိုးဘွားများအား မျက်စိစမ်းသပ် ကုသပေး၍ ကုသိုလ်ယူနေမှုအား ကြည့်ရှုအားပေးပြီးပါဝါမျက်မှန်နှင့်လှူဖွယ်ပစ္စည်းများပေးအပ်ကြောင်းသတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)