ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောမြို့ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော တာချီလိတ်မြို့အား ကွင်းဆင်းစစ်ဆေး

တာချီလိတ် အောက်တိုဘာ ၂၃

တာချီလိတ်မြို့သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့(Mae Sai)နှင့် နယ်စပ်မြို့ဖြစ်သည်နှင့်အညီ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးအပြင် ခရီးသွားလာရေး တိုးတက်နေသည့်မြို့ဖြစ်၍ ယခုအခါ ၂၀၂၆ ခုနှစ်၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောမြို့အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပထမအကြိမ် ဆုစိစစ်ရွေးချယ်ရေးလုပ်ငန်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောမြို့ ဆုစိစစ်ရွေးချယ်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးတင်လင်းက အဖွင့်အမှာစကားပြောကြားပြီး တာချီလိတ်မြို့နယ် စီမံခန်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမျိုးက အခြေခံစံနှုန်း ၁၀ခုနှင့် အညွှန်းကိန်း ၇၆ခုတို့ဖြင့် တာချီလိတ်မြို့အား ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောမြို့အဖြစ် ယှဉ်ပြိုင်နိုင်ရန် သတ်မှတ်ထားသည့် Criteria & Indicator များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေအား Power Point ဖြင့် ရှင်းလင်းတင်ပြကာ ဆုစိစစ်ရွေးချယ်ရေးလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးလွှမ်းမိုးထက်က အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးတင်ပြပြီး ဆုစိစစ်ရွေးချယ်ရေးလုပ်ငန်းအဖွဲ့က သတ်မှတ်အခြေခံစံနှုန်း၊ အညွှန်းကိန်းနှင့်အညီ အမှတ်ပေးကြသည်။

ဆက်လက်ပြီး ဆုစိစစ်ရွေးချယ်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးနှင့် ဆုစိစစ်ရွေးချယ်ရေးလုပ်ငန်းအဖွဲ့ဝင်များက မြန်မာ-ထိုင်းအမှတ်(၁)နှင့် အမှတ်(၂) ချစ်ကြည်ရေးတံတားအနီးရှိ ရန်အောင်မြေရပ်ကွက်တို့တွင် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောမြို့ဟူသည် မြို့တစ်မြို့၏သန့်ရှင်းမှု၊ သစ်ပင်စိုက်ပျိုးမှု၊ စွမ်းအင်အသုံးအဆောင်မှု၊ မျှတမှု၊ အခြားသယ်ယူပို့ဆောင်မှုနှင့် သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းတန်ဖိုးထားခြင်း စသည့် အချက်များကိုအခြေခံပြီး သတ်မှတ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

အေးအေးလတ်