တောင်ကြီး အောက်တိုဘာ ၂၀
ရှမ်းပြည်နယ်၏ အထင်ကရပွဲတော်တစ်ခုဖြစ်သည့် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို တောင်ကြီးမြို့၊ အဝေရာကုန်းသာယာမီးပုံးပျံကွင်း၌ အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့ အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပွဲတော်ကာလအတွင်း ညမီးကြီးမီးပုံးပျံ၊ စိန်နားပန် မီးပုံးပျံများကို အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၄ ရက်နေ့အထိ ညစဉ် ၅ နာရီအချိန်မှ စတင်လွှတ်တင်သွားမည်ဖြစ်ပြီး နေ့လွှတ်အရုပ် မီးပုံးပျံများအား အောက်တိုဘာလ ၃၀ ရက်နေ့မှ နိုဝင်ဘာလ ၄ ရက်နေ့အထိ နေ့စဉ် မွန်းလွဲ ၁ နာရီမှ စတင်လွှတ်တင်သွားမည်ဖြစ်သည်။ ထို့အပြင် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်တွင် ကထိန်လှည့်လည် ပူဇော်ပွဲ၊ မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲ၊ မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ၊ ကထိန်ဆက်ကပ်လှူဒါန်းပွဲ၊ မီးပဒေသာလှည့်လည်ပူဇော်ပွဲများ၊ ဒေသထွက်ကုန် MSME (အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း) ပြခန်းများနှင့် နိုင်ငံကျော်အနုပညာရှင်များ ဖျော်ဖြေတင်ဆက်မှုများ ပါဝင်မည်ဖြစ်ပြီး၊ အနယ်နယ်အရပ်ရပ်မှ တောင်ကြီးတန်ဆောင်တိုင်ချစ်သူများ၊ မီးပုံးပျံချစ်သူများ လာရောက်လည်ပတ်ကြည့်ရှအားပေးနိုင်ကြောင်း တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကျင်းပရေး ဦးစီးကော်မတီမှ ဖိတ်ခေါ်ထားကြောင်း သိရှိရသည်။
ထက်ဝေအောင်