နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ပျဉ်းမနားမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနား တက်ရောက်

နေပြည်တော် အောက်တိုဘာ ၁၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီတွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကိုကျင်းပရာ နေပြည်တော် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စာပေပညာရှင်များနှင့် အကဲဖြတ်ဒိုင်များ၊ အလှူရှင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မုခ်ဦးအား နေပြည်တော် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်  ဦးမြင့်စိုး၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်နှင့် ပျဉ်းမနားခရိုင် ပညာရေးမှူး ဒေါ်မြင့်မြင့်အေးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကိုကျင်းပရာ ပျဉ်းမနားမြို့နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းသီဆိုကြပြီး  “ပညာဘဏ်တိုက်စာကြည့်တိုက်သို့သွားကြစို့” တေးသီချင်းဖြင့်ဖျော်ဖြေတင်ဆက်ကြသည်။

ယင်းနောက် နေပြည်တော် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် လူငယ်များအပါအဝင် ပြည်သူများ စာဖတ်ကြရန်နှင့် စာပေလေ့လာဖတ်ရှုနိုင်မည့် ပတ်ဝန်းကျင်များ ဖန်တီးပေးရန် အခြေခံပညာကျောင်းများနှင့် အဆင့်မြင့်ပညာဖြစ်သည့် တက္ကသိုလ်များကို အခြေခံ၍ ယခုကဲ့သို့ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များ ကျင်းပခြင်းဖြစ်ပါကြောင်း၊  ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့် စာအုပ်စာပေများကို စိတ်ဝင်စားလာစေရန်နှင့် ဖတ်ရှုအသုံးပြုလာစေရန်အတွက် စာပေဆွေးနွေးပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ စကားရည်လုပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများဖြင့် ဆောင်ရွက်ပေးပါက စာကြည့်တိုက်များကို အသုံးချတတ်သည့် အလေ့အထများလည်း ဖြစ်ပေါ်လာမည်ဖြစ်ပါကြောင်း၊ စာဖတ်ခြင်းဖြင့် အသိကြွယ်ခြင်း၊ ဗဟုသုတများခြင်း၊ ကျိုးကြောင်းညီညွတ်စွာ သုံးသပ်နိုင်မှုစွမ်းရည် တိုးတက်လာခြင်း၊ အခြားသူများထံမှ အတွေ့အကြုံကိုရယူ၍ မိမိနှင့်ပတ်ဝန်းကျင် လူမှုဘဝအောင်မြင်မှုတွင် အသုံးချနိုင်ခြင်း၊ လူမှုဆက်ဆံရေးကောင်းမွန်ခြင်း၊ အာရုံစူးစိုက်သည့် အလေ့အကျင့်ဖြစ်ထွန်းလာခြင်း၊ စိတ်ကူးစိတ်သန်းကောင်း၍ ဖန်တီးနိုင်မှုစွမ်းရည်မြှင့်မားလာခြင်း၊ ဦးနှောက်ကို ပိုမိုထက်မြက်အောင် လှုံ့ဆော်ပေးနိုင်ခြင်း၊ လူတစ်ဦး၏ နေ့စဉ်ဘဝပြဿနာများကို စနစ်ကျစွာ ရင်ဆိုင်ဖြေရှင်းနိုင်၍ ဘဝတိုးတက်ခြင်း၊ စိတ်ဖိစီးမှုကို လျှော့ာ့ချနိုင်ခြင်း စသည့် စာပေအကျိုးကျေးဇူးများစွာ ရရှိကြမှာဖြစ်ကြောင်း၊ စာဖတ်ခြင်းသည် ဘဝတစ်သက်တာအတွက် လွန်စွာအကျိုးကျေးဇူးရှိစေသောကြောင့် ကျောင်းသား၊ ကျောင်းသူများအား ငယ်စဉ်မှစ၍ စာဖတ်သည့်အလေ့အထကို ပျိုးထောင်ပေးရန် အရေးကြီးပါကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများသည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ကျောင်းသား/ ကျောင်းသူများအနေဖြင့် နေ့စဉ်စာဖတ်ရာ၌ သုတ/ရသ ပညာရပ်အစုံကို ဖတ်ရှုကြရန်နှင့် နောင်တစ်ချိန် နိုင်ငံတော်ကအားကိုးအားထားရသော သားကောင်း၊ သမီးကောင်းပညာရှင်များ ပေါ်ထွန်းရေးအတွက် ကြိုးစားကြရန်လိုအပ်ပါကြောင်း၊ စာပေဖတ်ရှုလေ့လာမှုက ဘဝအတွက် အလွန်အရေးကြီးပါကြောင်း၊ ငယ်ရွယ်စဉ် ကတည်းက စာပေဖတ်ရှုလေ့လာမှု အလေ့အကျင့်ကောင်းကို ပြုစုပျိုးထောင်ထားကြရမှာဖြစ်ပါကြောင်း၊ စာတတ်ရုံ၊ အသိပညာပြည့်ဝရုံသာမက စဉ်းစားတွေးခေါ်ဉာဏ်နှင့် အသိပညာပြည့်ဝပြီး ဗလငါးတန်ပြည့်ဝသည့်လူငယ်များ ပေါ်ထွက်လာစေရေး တာဝန်ရှိသူများနှင့် မိဘများ၊ ဆရာ/ဆရာမများက ကြိုးစားဆောင်ရွက်ပေးကြရန်နှင့် ယခုကဲ့သို့ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို အခြေခံပညာ၊ အဆင့်မြင့်ပညာကျောင်းများတွင် စဉ်ဆက်မပြတ်ကျင်းပနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် နေပြည်တော် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ကျောင်းစာကြည့်တိုက်အတွက် ငွေပဒေသာပင်နှင့် စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းရာ ကျောင်အုပ်ဆရာမ ဒေါ်ကြူကြူမြင့်ကလက်ခံပြီး စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် စာပေရေးရာ အသိပညာပေးဟောပြောပေးပါသော စာရေးဆရာရေနံ့သာမောင်ကျော်ညွှန့်အား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်နှင့် ပျဉ်းမနားခရိုင် ပညာရေးမှူး ဒေါ်မြင့်မြင့်အေးတို့က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွက် ပါဝင်လှူဒါန်းပေးကြပါသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

ယင်းနောက် နေပြည်တော် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ခင်းကျင်းပြသထားသည့် ဓာတ်ပုံမှတ်တမ်းများ၊ စာအုပ်စာစောင်များနှင့် စာအုပ်အရောင်းဆိုင်များ၊ စာစီစာကုံးပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ၊ ကာယစွမ်းရည်၊ ဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ ယှဉ်ပြိုင်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စာပေရေးရာအသိပညာပေးဟောပြေပွဲကိုကျင်းပရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာရေးဆရာရေနံ့သာ မောင်ကျော်ညွှန့်က "စာထဲကအရသာ" ခေါင်းစဉ်ဖြင့် ဟောပြောသည်။

ထို့နောက် မွန်းလွဲပိုင်းတွင် လူငယ်စကားဝိုင်းဆောင်ရွက်ပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်နှင့် တာဝန်ရှိသူများက စာစီစာကုံးပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲများမှ ဆုရရှိသူများကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)