ပူတာအိုခရိုင်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပုံပြင်ပြောပြိုင်ပွဲကျင်းပ

ပူတာအို အောက်တိုဘာ  ၁၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းမှုဖြင့် ပညာရေးကဏ္ဍ မြှင့်တင်ဆောင်ရွက်ပြီး စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်လာစေရန်၊ ပညာဗဟုသုတ ပြည့်စုံကြွယ်ဝသည့် အနာဂတ်မျိုးဆက်သစ်လူငယ်များ ဖြစ်ပေါ်လာစေရန်နှင့် ကျောင်းသားလူငယ်များ စာဖတ်သည့်အလေ့အထတွင် မွေ့လျော်လာစေရန်ရည်ရွယ်၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပုံပြင်ပြောပြိုင်ပွဲကို အောက်တိုဘာ(၁၄)ရက် နံနက်(၉)နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပသည်။

ပြိုင်ပွဲတွင် အခြေခံပညာမူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၈)ဦးတို့က အသိပညာပေးပုံပြင်များမှ စိတ်ကြိုက်ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြပွဲများကို စိတ်ဝင်တစာကြည့်ရှုလေ့လာကြသည်။

ဆက်လက်၍ အောက်တိုဘာ(၁၅)ရက်နေ့ကဗျာရွတ်ပြိုင်ပွဲတွင် အခြေခံပညာမူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၀)ဦးတို့က ကဗျာဆရာသော်ဇင်အုံးရေးသားသည့် “စာကြည့်တိုက်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျပန်းစကားပြောပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၂)ဦးတို့က “စာဖတ်ခြင်း၏အကျိုးကျေးဇူး”၊ “စာကြည့်တိုက်မှာပညာရှာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အောက်တိုဘာ(၁၆)ရက်နေ့စာစီစာကုံးပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၂၀)ဦးနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၂၀)ဦးတို့က “စာပေမြင့်မှလူမျိုးတင့်မည်”၊ “ပညာဘဏ်တိုက်”ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖုန်ကန် (ပူတာအို)