တောင်ကြီး အောက်တိုဘာ ၁၁
တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် ဝူရှူးပြိုင်ပွဲကျင်းပပြုလုပ်နိုင်ခြင်းမရှိသည့်အချိန်တွင် အားကစားသမားများအတွေ့အကြုံကောင်းများရရှိစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ပထမအကြိမ်ဝူရှူး(ထောက်လု)ဖိတ်ခေါ်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲကို အောက်တိုဘာ ၁၀ ရက်နေ့ နံနက် ၈ နာရီက တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်သယံဇာတ ရေးရာ ဝန်ကြီးဦးစိုင်းလိတ်၊ ပြည်နယ်/ခရိုင်/မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဝူရှူး(ထောက်လု)အဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်နှင့်တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များက ချန်းစု(ကျား)၊ နန်းကွန့်(မ)ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက်ဆုချီးမြှင့်ပွဲကျင်းပရာ ပြိုင်ပွဲများတွင်အကောင်းဆုံးဆုရရှိသည့် အားကစားသမားများအား ဆုများပေးအပ်ချီးမြှင့်ရာတက္ကသိုလ်အသီးသီးမှပါမောက္ခချုပ်များနှင့်တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြသည်။ ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ် စီးပွားရေးရာ ဝန်ကြီးဦးခွန်သိန်းမောင်က ချန်းစုပြိုင်ပွဲနှင့် နန်းကွန့်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် အားကစားသမားများကို တစ်ဦးချင်းဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီးရွှေတံဆိပ် (၁၆)ခု၊ငွေတံဆိပ်(၁၅)ခု၊ကြေးတံဆိပ်(၁၅)ခုဖြင့် တံခွန်စိုက်ဆုရရှိသည့် ရှမ်းပြည်နယ်အသင်းအား ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်စီးပွားရေးရာဝန်ကြီးက တံခွန်စိုက်ဆုဖလားကို ချီးမြှင့်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့က ဒိုင်အဖွဲ့များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)