ချင်းပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ခေတ္တပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး တက်ရောက်

ဟားခါး အောက်တိုဘာ ၁၁

ချင်းပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီက ချင်းပြည်နယ်၊ ဟားခါးမြို့ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ခေတ္တပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ပြည်နယ်ဝန်ကြီးများ၊ ခေတ္တပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။

ဦးစွာ ခေတ္တပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေးက မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေး (၄/၂၀၂၅) ညွှန်ကြားချက်များ ထပ်ဆင့်ညွှန်ကြားနိုင်ရေးအတွက် ယခုကဲ့သို့ အစည်းအဝေးပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ချင်းပြည်နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီတွင် ပြည်နယ်အဆင့်ဌာနဆိုင်ရာအားလုံးပါကြောင်း၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲစာရင်းကို စက်တင်ဘာလ ၃၀ ရက်မှ အောက်တိုဘာလ ၂၀ ရက်နေ့အထိ ကပ်ထားကြေညာသွားမည်ဖြစ်ပြီး ဒုတိယအကြိမ် မဲစာရင်းကို နိုဝင်ဘာလတွင် ကပ်ထားကြေညာသွားမည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာရာတွင် မဲစာရင်းမှန်ကန်စေရေးအတွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှတို့က မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူးများနှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အရာရှိတို့က မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးများက လိုအပ်ချက်များ အကြုံပြုဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ခေတ္တပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)